၈ ဇွန် ၂၀၂၄

သန်လျင်တံတားအမှတ်(၃)လေးလမ်းသွားတံတားသစ်ကြီးကို ဖွင့်လှစ်လိုက်ပြီဖြစ်သည့်အတွက်  ရန်ကုန်မြို့ အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင် မြို့နယ်များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသရှိ ပြည်သူများ၏ လူမှုစီးပွား  ဘဝတိုးတက်လာမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။

ဇွန်၈ရက်နံနက်က ကျင်းပတဲ့ ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃)ဖွင့်ပွဲတွင် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးတက်ရောက်အမှာစကားပြောကြားရာမှာ ယင်းကို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

သီလဝါအထူးစီးပွားရေးဇုန်ကိုအကြောင်းပြုပြီး ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများ တိုးပွားလာမှုကြောင့် အဆိုပါ ဒေသတွေ လူမှုစီးပွားတိုးတက်လာမှာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။

ယင်းအပြင်သန်လျင်တံတားအမှတ်(၁)တွင်ဖြစ်ပေါ်လျက်ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းပေးနိုင်တော့မည်ဖြစ် သည့်အပြင် နောင်အခါတွင် အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးကို အသုံးပြုပြီး ဘားအံမြို့-မြဝတီမြို့ အထိ ဆက်စပ်  သွားလာနိုင်တော့မည်ဖြစ်သည့်အတွက် မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်တို့၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အကျိုးပြုမည်သာ  မက ဒေသတွင်းနိုင်ငံများနှင့်ပါ ဆက်သွယ်မှုပိုမိုဖွံ့ဖြိုးလာမည်ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောကြောင်း နစက သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ယခုဖွင့်လှစ်လိုက်တဲ့ ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) တည်ဆောက်ရေးစီမံကိန်းကို ဂျပန်နိုင်ငံ၊ အပြည်ပြည်    ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)နှင့် မြန်မာနိုင်ငံ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ စီမံကိန်းအကောင်အထည်ဖော်ရေး သဘောတူညီချက်အရ ၂၀၁၃ ခုနှစ်မှစတင်  ၍ စီမံကိန်းလုပ်ငန်းအဆင့်အလိုက် အဆင့်ဆင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်တွင် ချေးငွေ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်တွင် နိုင်ငံရေး အခြေအနေများကြောင့် တံတားတည်ဆောက်ရေးလုပ်ငန်း၊ ချေးငွေကိစ္စရပ်များ တုံဆိုင်းသွားခဲ့ပြီး အကြိမ်ကြိမ် ညှိ နှိင်းချက်များအရပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်ဒါပေမယ့်ရန်ပုံငွေသုံးစွဲမှုတွင် လိုအပ်ချက်ဖြစ်ပေါ်လာခြင်းကြောင့် နိုင်ငံ

တော်မှကျပ်(၄၆) ဘီလီယံကျော်ထည့်ဝင်ကျခံပြီး တံတားကြီးတည်ဆောက်ပြီးစီးရေးဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့  သိရပါ  တယ်။

တံတားအရှည်အနေဖြင့် မြစ်ကူးတံတားအပိုင်း ၆၆၆၃ ပေ၊ ကုန်းကျော်တံတားအပိုင်း၁၉၇၅ ပေ၊ စုစုပေါင်း ၈၆၃၈ ပေရှိပြီး တံတားအကျယ် ၇၅ ပေဖြစ်ပါတယ်။ ၄ လမ်းသွားတံတားဖြစ်ပြီး တစ်ဘက်လျှင် Safe Zone ၅ ပေစီပါရှိပါတယ်။ တံတား၏ ရေလမ်းကင်းလွတ်အမြင့်မှာ ၄၃ ပေရှိပြီး ရေလမ်းကင်းလွတ်အကျယ်မှာ ၇၃၅ ပေဖြစ်ပါတယ်။

တံတားသည် သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge)၊ Steel Box နှင့် PC Boxအမျိုးအစားဖြစ်ပြီး တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ကြောင်းသိရှိရပါတယ်။

@ymg/knl