၇ ဇွန် ၂၀၂၄

မြန်မာငွေတန်ဖိုး ကျဆင်းစေရေးအတွက် မည်သို့မျှမဖြစ်နိုင်သည့် ရွှေနှင့်ငွေကြေး ဈေးနှုန်းများကို ဆွဲတင်၍ တိုင်း ပြည်၏စီးပွားရေး ကျဆင်းမှုရှိစေရန်ရည်ရွက်ချက်ရှိရှိဆောင်ရွက်ခဲ့ကြကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။

ယနေ့ ဇွန်လ(၇) ရက်က နေပြည်တော်မှာကျင်းပတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  အစည်းအဝေး  (၃/၂၀၂၄)  တွင် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကောင်စီဝင်များကို ပြောကြားရာမှာ အဆိုပါအချက်ကိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ဧပြီလအတွင်း ရွှေဈေးနှင့်ငွေကြေးဈေးနှုန်းများ သဘာဝမကျဘဲအဆမတန် ပြောင်းလဲလာသည်ကိုတွေ့ရပြီး ဝိသမစီးပွားရေးသမားများအနေဖြင့်ငွေကြေးတန်ဖိုး ကမောက်ကမ ဖြစ်အောင်ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်းနှင့် လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေဈေးနှင့်ငွေကြေးဈေးများသည့်ရှိသင့်ရှိထိုက်သည့်၊ ဖြစ်သင့်သည့်   ဈေးနှုန်းသို့ တဖြည်းဖြည်းကျဆင်းရှိလာခဲ့ပြီလို့လည်း ဗိုလ်ချုပ်မှူးကြီးရဲ့ပြောကြားကြောင်း နစကရဲ့ သတင်းထုတ် ပြန်ချက်မှာဖော်ပြထားပါတယ်။

ယခင်ကလည်း စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ၊ ဘဏ်စနစ်များပြိုလဲအောင် လုပ်ဆောင်မှုများနှင့် ငွေကြေး   ကမောက်ကမဖြစ်အောင်ဆောင်ရွက်ခြင်းများကိုမိမိတို့အနေဖြင့်ကြုံတွေ့ခဲ့ရပြီးထိုသို့သောအခက်အခဲအကြပ်  အတည်းများကြားမှနိုင်ငံ့စီးပွားရေး အတိုင်းအတာတစ်ခုအထိပြန်လည်ဦးမော့လာအောင်ဆောင်ရွက်နိုင်ခဲ့တယ် လို့ လည်း ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။

ငွေကြေးတန်ဖိုးတက်ခြင်း၊ ကျခြင်းထက် ငွေကြေးခိုင်မာမှုရှိစေရန် လိုအပ်မည်ထင်ကြောင်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုပြီး နိုင်ငံ့စီးပွားရေးကျဆင်းစေရန်ရည်ရွယ်၍ အဖက်ဖက်မှ ဝိုင်းဝန်းတိုက်ခိုက်နေကြခြင်းဖြစ်လို့  ငွေဈေး တည်ငြိမ်ရန်အရေးကြီးတယ်လို့လည်း  ပြောဆိုခဲ့ကြောင်းသိရပါတယ်။

ပြီးခဲ့တဲ့ ရက်များမှာ ရွှေဈေး၊ဒေါ်လာဈေးများ ထူးခြားစွာမြင့်တက်ခဲ့ခြင်းနှင့်ဆက်စပ်၍ ရွှေလုပ်ငန်းရှင်အချို့၊ ရွှေကုန်သည်အချို့၊ ငွေကြေးကစားသူအချို့ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့အပြင် ထိုင်းနိုင်ငံတွင် ကွန်ဒိုတိုက်ခန်း ရောင်းချသူနှင့်ဝယ်ယူသူအချို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ယင်းတို့အထဲတွင် အချို့မှာ ထွက်ပြေး တိမ်းရှောင်လျက်ရှိကြောင်းလည်း နစကသတင်းထုတ်ပြန်ချက်များမှာဖော်ပြခဲ့ပါတယ်။

@ymg/knl