#Local_News
Published 6June 2024


▪️ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းကို အစိုးရရုံးပိတ်ရက်ဖြစ်သော ဇွန် ၂၃ ရက် (တနဂ်နွေနေ့) နံနက် ၉ နာရီခွဲမှ မွန်းလွဲ ၂ နာရီအတွင်း မြန်မာနိုင်ငံသား ၂၀၀ ခန့်ကို အထူးအစီအစဉ် ဖြင့်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။

 

▪️ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသား ၁၂၀ ခန့်ကို နေ့စဉ် online appointment စနစ် ၇၅ ဦးခန့်နှင့် WhatsApp appointment စနစ် ၄၅ ဦးခန့်တို့ဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုး ပုံမှန်ဆောင်ရွက်ပေးလျက်ရှိပြီး သံရုံး website မှ online appointment ရယူရန် အခက်အခဲနှင့် အလုပ်ချိန်အားလပ်ရက် အခြေအနေများကြောင့် ယခုအခါ စင်ကာပူနိုင်ငံ၌ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် စောင့်ဆိုင်းနေရသည့် မြန်မာနိုင်ငံသား အများအပြားရှိနေကြောင်း ကြားသိရသည်။

 

▪️ ထို့ကြောင့် မြန်မာနိုင်ငံသားများ၏ အခက်အခဲများကို အဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် စင်ကာပူမြို့ မြန်မာသံရုံးမှ အစိုးရရုံးပိတ်ရက် ဇွန် ၂၃ ရက် (တနင်္ဂနွေနေ့) နံနက် ၉ နာရီခွဲမှ မွန်းလွဲ ၂ နာရီအတွင်း မြန်မာနိုင်ငံသား ၂၀၀ ခန့် (နိုင်ငံကူးလက်မှတ် ကုန်ဆုံးရက် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၁ ရက်အထိ)၏ နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးခြင်းကို အထူးအစီအစဉ်ဖြင့် လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ဇွန် ၂၃ ရက်တွင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုး ဆောင်ရွက်လိုသူများအနေဖြင့် ဇွန် ၁ ရက်မှ ၁၄ ရက်အတွင်း နိုင်ငံကူးလက်မှတ် စာမျက်နှာနှင့် သက်တမ်းရှိ IC Card ရှေ့၊ နောက် မိတ္တူတို့ကို WhatsApp နံပါတ် (+6581748993) သို့ ပေးပို့၍ စာရင်းပေးသွင်းနိုင်ပါကြောင်း၊ ဇွန် ၂၃ ရက်တွင် သက်တမ်းတိုးလာရောက်ဆောင်ရွက်ခွင့် ရရှိသူများအမည်စာရင်းကို ဇွန် ၁၉ ရက်တွင် သံရုံး website ၌ ကြေညာပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

▪️ အဆိုပါ နိုင်ငံကူးလက်မှတ်များကို ဇွန် ၂၅ ရက်မှ ၂၇ ရက် (မွန်းလွဲ ၁ နာရီ ၃ နာရီအတွင်း)၌ ပြန်လည်ထုတ်ပေးမည့်စာရင်းကို ထပ်မံကြေညာ ပေးသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

▪️ မြန်မာသံရုံး WhatsApp သို့ စာရင်းပေးသွင်းရာတွင် စာရွက်စာတမ်း အတုပြုလုပ်ခြင်း၊ အခကြေးငွေ ရယူသူများမှတစ်ဆင့်ပေးပို့ခြင်းမျိုး မပြုပါရန်နှင့် အဆိုပါ အထူးအစီအစဉ်အတွက် မြန်မာသံရုံးအနေဖြင့် မည်သည့်ပုဂ္ဂလိကဝန်ဆောင်မှုကုမ္ပဏီ၊ လူပုဂ္ဂိုလ်တို့ကို ဝန်ဆောင်မှုပေးထားခွင့် မရှိပါကြောင်း၊ WhatsApp သို့ အချက်အလက်များ ပေးပို့ရန်အခက်အခဲရှိပါက မြန်မာနိုင်ငံသားအချင်းချင်းအကြား ကူညီစောင့်ရှောက်မှု ပြုပေးကြပါရန် မြန်မာသံရုံးမှ မေတ္တာရပ်ခံပါကြောင်းလည်း ဖော်ပြထားသည်။

 

#YMG/LW #Yangon_Times