Published_2 Jun 2024

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၆၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၅၆ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 
မေ ၃၁ ရက် နံနက် ၆ နာရီတွင် ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့၊ ပင်အုံကျေးရွာအနီးတွင် လုံချိန် ကျေးရွာဘက်မှ မိုင်းပွန်မြို့ဘက်သို့ ကျော်စိန် မောင်းနှင်လာသည့် FORD RANGER မော်တော် ယာဉ်နှင့် ထွန်းမြင့် မောင်းနှင်လာသည့် TOYOTA HILUX SURF မော်တော်ယာဉ်တို့ကို သတင်းအရ ရှာဖွေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
ယင်းသို့ ရှာဖွေစဉ် အဆိုပါယာဉ် ၂ စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၄၆ သိန်း သိမ်းဆည်းရမိခဲ့ပြီးနောက် စစ်ဆေး ဖော်ထုတ်ချက်အရ ယင်းနေ့နံနက် ၆ နာရီခွဲတွင် စိတ်ကြွရူးသွပ်ဆေးပြားများသယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ ဝင်းရွှေ အား မိုင်းပွန်မြို့၊ ဝမ်ဟွေရပ်တွင် VIGO မော်တော်ယာဉ်တစ်စီးနှင့် လည်းကောင်း၊ နံနက် ၇ နာရီတွင် အိုက်လောင် အား မိုင်းပွန်မြို့၊ နားခိုင်ကျေးရွာ၊ လယ်တော ရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းနှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
 
၎င်း ဖမ်းဆီးရမိသော စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၅၆ သိန်း မှာဒေသကာလ တန်ဖိုးငွေကျပ် ၁ ဒသမ ၆၈ ဘီလီယံတန်ဖိုးရှိကြောင်း သိရသည်။
 
လက်ရှိတွင် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူ များကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
Yangon_Times/PP
#Published_ 2 June 2024
#Yangon_Times #YMG_News #Yangon_Media_Group