Published 31 May 2024

လွန်ခဲ့သော(၂၄)နာရီအတွင်း  အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်းမေလ(၃၁)ရက်၌ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်လိုက်သည်။

မုတ်သုံလေသည်အားအသင့်အတင့်မှ အားကောင်းနေပြီးမေလ(၃၁)ရက်ညနေပိုင်းမှာတော့မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း‌ဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကချင် ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟုဆိုသည်။

နောက်(၂)ရက် ‌ဇွန်(၁)ရက်နှင့် (၂)ရက်အတွက်ခန့်မှန်းချက် အနေဖြင့် ကချင်၊ချင်း၊စစ်ကိုင်းစသည့်မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် ထစ်ချုန်းမည့်အခြေအနေများ ဆက်လက် ဖြစ်ပေါ် နေမည်ဖြစ်ကြောင်း သိရသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေ အနေအဖြစ်စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း‌ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာ တစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊  မိုးထစ်ချုန်းခြင်း၊  မိုးကြိုးပစ်ခြင်း၊  လျှပ်စီးလက်ခြင်း နှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားသည်။

မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published 31 May 2024
#YMG #Yangon_Times #Yangon_Media_Group