Published 31 May 2024
ဆိပ်ကမ်း၊ လေဆိပ်များသို့သွင်းကုန် လိုင်စင်/ပါမစ် ခွင့်ပြုချက်မရရှိသေးဘဲ ကုန်ပစ္စည်းကြိုတင်ရောက်ရှိခြင်းများကို အရေးယူသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ထိုသို့အရေးယူဆောင်ရွက်ရာတွင် လာမည့် ဇူလိုင်လ ၁ ရက်နေ့မှစ၍ သွင်းကုန် လိုင်စင်/ပါမစ်ခွင့်ပြုချက်မရရှိသေးဘဲဆိပ်ကမ်း၊ လေဆိပ်များသို့ သွင်းကုန်များကြိုတင်ရောက်ရှိကြောင်းစိစစ်တွေ့ရှိရပါကပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အကောက်ခွန်ကုန်လှောင်ရုံအတွင်းထည့်သွင်းခွင့်ပြုထားသည့် ကုန်ပစ္စည်းများမှအပကျန်ပြည်ပမှ တင်သွင်းသောကုန်ပစ္စည်းများကိုခွင့်ပြုချက်မရှိဘဲဆိပ်ကမ်း၊ လေဆိပ်များသို့ တင်သွင်းရောက်ရှိခြင်းမပြုလုပ်ရန်လိုအပ်ကြောင်း၊
ခွင့်ပြုချက်မရှိဘဲရောက်ရှိပါက ယင်းတင်သွင်းသောကုမ္ပဏီများကိုပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီအရေးယူမည်ဖြစ်ကြောင်းကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၈ ရက်က အမိန့်ကြေညာစာထုတ်ပြန်ထားသော်လည်း သတ်မှတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်မှုမရှိဘဲဆိပ်ကမ်း၊ လေဆိပ်များသို့ ခွင့်ပြုချက်မရရှိသေးသည့် ကုန်ပစ္စည်းများကိုကြိုတင်တင်သွင်းဆောင်ရွက်လျက်ရှိသည်ကိုစစ်ဆေးတွေ့ရှိနေရကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည် ။
လတ်တလောတွင် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ကျန်းမာရေးကဏ္ဍများ အတွက်သာလိုအပ်သောအရေးကြီးကုန်ပစ္စည်းများကိုအကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီအကောက်ခွန်ကုန်လှောင်ရုံများတွင် ထည့်သွင်းခွင့်ပြုထားကြောင်း၊ ထို့ကြောင့် ထုတ်ပြန်ထားသည့် ဥပဒေနှင့်စည်းကမ်းများကိုအလေးအနက်ထားလိုက်နာရန်ရည်ရွယ်၍ သွင်းကုန် လိုင်စင်/ ပါမစ် ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲကုန်ပစ္စည်းများဆိပ်ကမ်းနှင့်လေဆိပ်များသို့ တင်သွင်းရောက်ရှိမှုမရှိစေရေးအတွက် နှိုးဆော်အသိပေးကြေညာခြင်းဖြစ်ကြောင်း သိရသည် ။
Yangon_Times/NN
#Local_News
#Published 31 May 2024
#YMG #Yangon_Times #Yangon_Media_Group