Published 30 May 2024
မိုးဦးကာလတွင် မြစ်ကြောင်းများအတွင်း သွားလာကြမည့် ရေယာဉ်များ သဘာဝဘေးအန္တရာယ်မှဘေးကင်းအောင် ရေလမ်းသတိပေးချက်ထုတ်ပြန် လိုက်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။
မိုးတွင်း၌မြစ်ရေတက်လာမှုပေါ် မူတည်၍ ရေယာဉ်များ အန္တရာယ်ကင်းစွာ ခုတ်မောင်းသွားလာနိုင်ရန် လိုအပ်သော ရေလမ်းညွှန်အမှတ်အသားများကို ပြသထားမည်ဖြစ်ပြီး ရာသီဥတုဒဏ်ကြောင့် ရေလမ်းညွှန်အမှတ်အသားများ တစ်ခါတရံပျက်စီးပျောက်ဆုံးနိုင်သဖြင့် ရေယာဉ်များဂရုပြုခုတ်မောင်းကြရန် လိုအပ်သည်ဟုဆိုသည်။
ရေများကာလတွင် ရေလမ်းများအတွင်း ရေစီးသန်ခြင်းနှင့် ဝဲလှည့်ခြင်းတို့ ဖြစ်ပေါ်နိုင်သည့်အပြင် မြစ်ရေတက်လာမှုကြောင့် ရေနည်းကာလတွင် ပေါ်ထွန်းခဲ့သော သောင်နှင့်ကျွန်းများ ရေမြုပ်၍ ရေမြွှာပေါက်ဖြတ်လမ်းများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊
ရေအနက်မလုံလောက်သော ရေမြွှာပေါက်ဖြတ် လမ်းများကို ဖြတ်သန်းခုတ်မောင်းခြင်းမပြုကြရန်နှင့် မိမိရေယာဉ်၏ စက်အားနှင့် ရေစီးနှုန်းကိုချင့်ချိန်၍ သတ်မှတ်ရေလမ်းအတိုင်းသာ သတိပြုခုတ်မောင်းရန် လိုအပ်သည်ဟု ဖော်ပြထားသည်။
မြစ်ကူးတံတား ရေလမ်းများတွင် ရေယာဉ်များဝင်ရောက်ရမည့် ဝင်ပေါက်တွင် နေ့အခါအစိမ်းရောင် တြိဂံအမှတ်အသား ပြသထားပြီး ညအခါ မီးစိမ်းထွန်း ပြသထားကြောင်း၊ မဝင်ရမည့် ရေလမ်းတွင် နေ့အခါအနီရောင် ကြက်ခြေခတ်အမှတ်အသား ပြသထားပြီး ညအခါ မီးနီထွန်း ပြသထားကြောင်း နှင့်
ရေများကာလတွင် မြစ်ကူးတံတားကြီးများ၏ ရေလယ်တိုင် အုတ်ခုံများမှာ ရေမြုပ်နေပြီး ရေလယ်တိုင် နှစ်တိုင်အကြားတွင် ရေစီးသန်သောကြောင့် ရေယာဉ်များ မြစ်ကူးတံတား ရေလမ်းကို ဖြတ်သန်းရာတွင် စက်နှင့်တက်မစနစ်များကို ကြိုတင်စစ်ဆေးပြီး လုံလောက်သော အကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ဖြတ်သန်းခုတ်မောင်းကြရန်နှင့် တံတားရေလမ်းကို ဖြတ်သန်းရာတွင် ရေယာဉ်နှစ်စင်း ယှဉ်ပြိုင်ခုတ်မောင်းခြင်းမပြုကြရန် လိုအပ်သည်ဟုဆိုသည်။
အထူးသဖြင့် သယ်ဆောင်ဝန်နှင့် စက်အားကို ချင့်ချိန်တွက်ဆ၍ ဂရုပြုခုတ်မောင်းကြရမည်ဖြစ် ကြောင်း၊ မနိုင်ဝန်ကို သယ်ဆောင်ခြင်းမပြုကြရန်နှင့် မြစ်ကူးတံတားကြီးများကို ဖြတ်သန်းရာတွင် တွဲတစ်တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်းကြရမည် ဖြစ် ကြောင်း၊
ရာသီဥတုပြောင်းလဲမှုကြောင့် ရုတ်တရက် လေပြင်းတိုက်ခတ်မှုနှင့် မိုးမှောင်ကျမှုဖြစ်ပေါ်သည့်အခါ ရေယာဉ်များ အန္တရာယ်မဖြစ်စေရေးအတွက် သတိပြုခုတ်မောင်းကြရန်နှင့် လေပြင်းတိုက်ခတ်စဉ် ရေယာဉ်များလိုက်နာရမည့် ဥပဒေ၊ စည်းကမ်းချက်များအတိုင်း လိုက်နာကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေးနှိုးဆော်ချက် ထုတ်ပြန်ထား ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published 30 May 2024
#YMG #Yangon_Times #Yangon_Media_Group