Published_ 29 May 2024

လာမည့်ဒီဇင်ဘာလတွင်ကျင်းပမည့် ပဉ္စမအကြိမ် ‘အမျိုးသားအားကစားပွဲတော်’၌ဝန်ကြီးဌာနအလိုက် ပြိုင်ပွဲတွင် အားကစားနည်း (၆)နည်း၊တိုင်းဒေသကြီးနှင့် ပြည်နယ်တွင်အားကစားနည်း(၂၃) နည်းဖြင့်ခန့်မှန်း အားကစား သမာ စုစုပေါင်း (၆၅၀၀)ခန့်ပါဝင်ယှဉ်ပြိုင်ရန် လျာထားကြောင်းသိရသည်။

ယင်းကဲ့သို့ လျာထားဆောင်ရွက်နေကြောင်းကို ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေး ဦးစီးကော်မတီ ပထမအကြိမ် အစည်းအဝေးတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေး ဦးစီး ကော်မတီနာယက နစက၊ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကထည့်သွင်း ပြောကြားချက်အရသိရခြင်းဖြစ်သည်။

‘‘မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေး အတွက် မဖြစ်မနေဆောင်ရွက်ပေးရမည့် လုပ်ငန်းတာဝန် နယ်ပယ်များစွာရှိသည့်အနက် ကဏ္ဍအစုံတွင် အားကစားပြိုင်ပွဲမျိုးစုံကို ပုံမှန်ကျင်းပပြုလုပ်ပေးရမည်ဆိုသည့် အတိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နှစ်များအလိုက် အားကစားပြက္ခဒိန်ရေးဆွဲပြီး ပြိုင်ပွဲများ ကျင်းပပေးခဲ့သည့်အတွက် ယခုကဲ့သို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်ကြီး ကျင်းပနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊

အမျိုးသားအားကစားပွဲတော်ဆိုသည့် ဂုဏ်ဒြပ်နှင့်အညီ ပြိုင်ပွဲ ပွဲစဉ်တိုင်း ပြိုင်ဆိုင်မှုပြင်းထန်မည် ဖြစ်သော် လည်း အားကစားစိတ်ဓာတ်၊ အားကစားအဓိဋ္ဌာန်များနှင့်အညီ ယှဉ်ပြိုင်ပြီး တစ်ဖက်ကလည်း မှန်ကန်မျှတပြီး စည်းကမ်းစနစ်ကျသည့် ပြိုင်ပွဲများဖြစ်စေရေး တာဝန်ရှိသူအဆင့်ဆင့်က အငြင်းပွားဖွယ်ရာများမဖြစ်အောင် မှန်မှန်ကန်ကန်မျှမျှတတ စီမံဆုံးဖြတ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊

သို့မှသာ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲကြီးနှင့်အတူ အခြားသော နိုင်ငံတကာအားကစား ပြိုင်ပွဲများတွင် အဆင့်မီပြီး အဆင့်အတန်းရှိသည့် မျိုးဆက်သစ် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ထူးချွန်စွာပေါ်ထွက်လာမည်ဖြစ်ကြောင်း၊

အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအလိုက် အားကစားပြိုင်ပွဲနှင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အားကစားပြိုင်ပွဲများဖြင့် အပိုင်းနှစ်ပိုင်း ဆောင်ရွက်သွားရန် စီမံထားကြောင်း၊ ဝန်ကြီးဌာနအလိုက် ပြိုင်ပွဲ တွင် အားကစားနည်း ခြောက်နည်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တွင် အားကစားနည်း ၂၃ နည်းဖြင့် ခန့်မှန်းအားကစားသမား စုစုပေါင်း (၆၅၀၀)ခန့် ပါဝင်ယှဉ်ပြိုင်ရန် လျာထားကြောင်း” ထည့်သွင်းပြောကြား ခဲ့သည်။

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ ပထမအကြိမ် အစည်းအဝေးကို မေလ၂၈ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်း အဝေးခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။

၂၀၁၅ ခုနှစ်တွင် စတုတ္ထအကြိမ်အဖြစ် အမျိုးသား အားကစားပွဲတော်ကို နေပြည်တော်တွင် ခမ်းခမ်းနားနား ကျင်းပပေးခဲ့ကြောင်းနှင့်၂၀၁၅ခုနှစ်က ကျင်းပခဲ့သည့်အမျိုးသားအားကစားပွဲတော်တွင် ပြေးခုန်ပစ် ၊ကြက်တောင် ရိုက်၊ ဘတ်စကက် ဘော၊ဘီလိယက်နှင့် စနူကာ၊ ကာယကြံ့ခိုင်မှု၊လက်ဝှေ့၊စစ်တုရင်၊ ခြင်းလုံး၊စက်ဘီးစီး၊ ဘောလုံး၊ ဖူဆယ်၊ ဝူရူးစသည့်ကစားနည်း(၂၆)နည်းပါဝင်ခဲ့ပြီး မသန်စွမ်းအားကစားနည်းများလည်း ပါဝင်ခဲ့ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published_ 29 May 2024
#Yangon_Times #YMG_News #Yangon_Media_Group