Published 28 May 2024

ရန်ကုန်တိုင်းဒေသကြီး၊ ရင်းနှီးမြှုပ်နှံမှုကော်မတီသည် ယခုရက်ပိုင်းအတွင်းလူဦးရေ ၂၃၀၀ကျော်  အတွက် ပြည်တွင်းအလုပ်အကိုင်ရနိုင်မည့်  ရင်းနှီးမြှုပ်နှံမှု များအားခွင့်ပြုပေးခဲ့ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ မေလ(၂၇) နံနက်ပိုင်းက ရန်ကင်းမြို့နယ်၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး၌ ကျင်းပခဲ့ရာ အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် ဟိုတယ်ဝန်ဆောင်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခုနှင့် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၃) ခုတို့ကို အတည်ပြုပေးခဲ့ကြောင်း၊ယင်း အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ CMP စနစ်ဖြင့် အိတ်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းနှင့် CMP စနစ်ဖြင့် သတို့သမီး ဝတ်စုံအမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်းတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ မြန်မာငွေကျပ် ၁၅၅၅ ဒသမ ၈၀၀ သန်းနှင့် အမေရိကန် ဒေါ် လာ ၃ ဒသမ ၇၃၉ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၂၃၀၁ ဦးအတွက် ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အထူးဖိတ်ကြာ ထားသူများ တက်ရောက်ကြကြောင်း သိရသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များ ထုတ်လုပ်သည့် ပစ္စည်းနမူနာ ပြသထားရှိမှုများကို ကြည့်ရှုပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားခဲ့ကြောင်း၊၎င်းအပြင် အစည်းအဝေးတွင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၉)ခု၏ တင်ပြချက်များကိုလည်း ဆွေး နွေးဆုံးဖြတ်ခဲ့ကြကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 28 May 2024
#Yangon_Times #YMG_News #Yangon_Media_Group