Published 28 May 2024

ယခုရက်ပိုင်း မလေးရှားနိုင်ငံ အတွင်း တရားမ၀င် နိုင်ငံခြားသားအလုပ်သမားများကို‌ နေရာစုံ အဖမ်းအဆီး များနေတာကြောင့် မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် သတိထားသွားလာနေထိုင်ရန် မြန်မာလူမှုကူညီရေး အသင်းများက အသိပေးထားကြောင်း သိရသည်။

မလေးရှားအစိုး ရ မှ အထောက်အထား မပြည့်စုံသည့် နိုင်ငံ ခြားသား အလုပ်သမားများ ကိုစီစီမံချက် ဖြင့် ဖမ်းစီးမှု များ ရှိသလို ပတ်ဝန်းကျင် မှ တိုင်ကြားမှုများကြောင့် နိုင်ငံခြားသားများနေထိုင်သည့် တိုက်ခန်းများနှင့် စားသောက်ဆိုင်များကို ၀င်ရောက် စစ်ဆေးမှု များနေကြောင်း သိရသည်။

'' အခုရက်ပိုင်းမှာ အဖမ်းဆီးတွေများနေတယ် နေရာစုံမှာ နိုင်ငံခြားသားအများစုနေတဲ့ နေရာတွေ မြန်မာစားသောက်ဆိုင်၊ မလေးစားသောက်ဆိုင်စတဲ့ နေရာ တွေ မှာ သူတို့ နိုင်ငံသားတွေ တိုင်တန်းတာတွေကြောင့် ၀င်ဖမ်းတာတွေ လည်း ရှိတယ်၊ ဒါကြောင့် ဒီလိုနေရာ မျိုးတွေမှာနေတဲ့ သူတွေ အထောက်အထား မပြည့်စုံတဲ့ အနေနဲ့ ပိုပြီး သတိထားနေထိုင်သင့်ပါတယ်''ဟု နှလုံးလှပရဟိတလူငယ်များသွေးအလှူရှင်အဖွဲ့(ကွာလာလမ်ပူ ) မှ ဥက္ကဌ ကိုသက် က ပြောသည်။

ထို့ပြင် မလေးရှားအာဏာပိုင်များ အော်ပရာစီအနေဖြင့် ဖမ်းဆီးချိန် တွင် အကြောက်လွန်ပြီး တိုက်ပေါ်မှ ခုန်ချခြင်းများ၊ ချောင်းအတွင်းသို့ ခုန်ချခြင်းများ မပြုလုပ်ဖို့ ယင်းကဆက်လက်ပြောကြားသည်။

မလေးရှား အစိုးရ အနေဖြင့် အထောက်ထား မပြည့်စုံသည့် နိုင်ငံခြားသား အလုပ်သမားများ မိခင်နိုင်ငံသို့ ပြန်လိုပါ က မလေးရှား လ၀က တွင် သတ်မှတ်ထားသော ဒဏ်ကြေးပေးဆောင်ပြီး လိုအပ်သည့် အချက်အလက် များ ပြသ ကာ Exit Pass (မလေးရှားနိုင်ငံ မှ ပြန်လည် ထွက်ခွာခွင့် ပြုသည့် စာရွက်) ကို ၂၀၂၄ ဒီဇင်ဘာလ ကုန်အထိ လျှောက်ထားနိုင်ကြောင်း သိရသည်။

မကြာခင်က လည်း မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး မှ ထုတ်ပေးနေသည့် သက်သေခံလက်မှတ်(C of I)နဲ့ မြန်မာနိုင်ငံသို့ ပြန်ကြမယ့် နိုင်ငံသားများအနေနဲ့ မလေးရှားအစိုးရက ဒဏ်ကြေးလျော့ပေါ့ပေးနေသည့်ကာလအတွင်း မလေးရှားလ၀က တွင် Exit Pass ကို မဖြစ်မနေလျှောက်ထားဖို့ တိုက်တွန်းထားသည်။
Yangon_Times/LW
#Local_News
#Published_ 28 May 2024
#Yangon_Times #YMG_News #Yangon_Media_Group