Published_ 20 May 2024

ပြည့်ဝစွာဓာတ်အားပို့လွှတ်နိုင်မည့်  ၅၀၀ကေဗွီကံကောင်းဓာတ်အားခွဲရုံစီမံကိန်း ၇၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး လာမည့်ဒီဇင်ဘာလတွင်ရာနှုန်း ပြည့်ပြီး‌စီးတော့မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှသိရသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီဓာတ်အားခွဲရုံ စီမံကိန်းဖြစ်ပြီး စီမံကိန်းပြီးစီးသွားသည်နှင့် နိုင်ငံမြောက်ပိုင်းတွင်တည်ရှိနေသော လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို နိုင်ငံ၏တောင်ပိုင်းသို့ ၅၀၀ ကေဗွီဓာတ်အားလိုင်းစနစ်ဖြင့် ပြည့်ဝစွာဓာတ်အားပို့လွှတ်ပေးနိုင်မည်ဟုဆိုသည်။

လက်ရှိတွင် တည်ဆောက်လျက်ရှိသည့် ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံစီမံကိန်းသည် စီမံကိန်းတစ်ခုလုံးအနေဖြင့် ၇၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ရာနှုန်းပြည့်ပြီးစီးမည်ဖြစ်ကြောင်း  လျှပ်စစ်စွမ်းအားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၏ပြောကြားချက်အရသိရသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာစည်မြို့နယ်ရှိ သပြေဝ-၃ (၃၀) မဂ္ဂါဝပ်နှင့် သာစည် (၃၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများသို့ ကြည့်ရူစစ်ဆေးခဲ့ကြသည်။

စက်ရုံမှတာဝန်ရှိသူများက  ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက်အလက်များ၊ မြို့ပြပိုင်းဆိုင်ရာလုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေ၊ Tracking System အသုံးပြုပြီး Solar Panel များ တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့မှု၊ ပင်မဓာတ်အားခွဲရုံများသို့ ဓာတ်အားပို့လွှတ်နိုင်ရန် ဓာတ်အားလိုင်းများ တည်ဆောက်ခဲ့မှုနှင့် စက်ရုံဝန်းကျင်ရှိ ကျေးရွာများကို လူမှုရေးတာဝန်သိတတ်မှု (CSR) လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်အားထိန်းချုပ်ခန်းအတွင်း နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားများထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားစနစ် (National Grid System) သို့ ချိတ်ဆက်ပို့လွှတ်ပေးနေမှုနှင့် စက်ရုံဧရိယာအတွင်း Tracking System အသုံးပြုပြီး Solar Panal များ တပ်ဆင်ထားမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

သပြေဝ-၃နှင့် သာစည်နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတို့သည် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင်တည်ရှိပြီး စက်တပ်ဆင်အင်အားမှာ သပြေဝ-၃ ဆိုလာစီမံကိန်းတွင် (၃၀) မဂ္ဂါဝပ်ဖြစ်ပြီး ၎င်းမှ လျှပ်စစ်ဓာတ်အားများကို ၂၀၂၄ ခုနှစ် မတ် ၃၀ ရက်တွင်လည်းကောင်း၊ သာစည်ဆိုလာ စီမံကိန်းမှာ (၃၀) မဂ္ဂါဝပ်ဖြစ်ပြီး ၎င်းမှ လျှပ်စစ်ဓာတ်အားများကို ၂၀၂၄ ခုနှစ် ဧပြီ ၃၀ ရက်တွင်လည်းကောင်း နိုင်ငံတော်ဓာတ်အားစနစ်သို့ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ စမ်းသပ်ပို့လွှတ်ပေးလျက်ရှိကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published_ 20 May 2024
#Yangon_Times #YMG_News #Yangon_Media_Group