၁၅ မေ ၂၀၂၄

မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့်အခြေအနေများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် အာဆီယံအနေဖြင့် ကူညီ ဆောင်ရွက်ပေးသွားမည့် အခြေအနေတွေကို နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် နေပြည်တော်သို့ရောက်ရှိနေတဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Mr. Alounkeo KITTIKHOUN ၊အာဆီယံအတွင်းရေးမှူးချုပ် Dr. KAO KIM HOURN  တို့ ယနေ့ မေလ ၁၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

အဆိုပါတွေ့ဆုံမှုကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည်  မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ် စားလှယ် H.E. Mr. Alounkeo KITTIKHOUN နှင့် အာဆီယံ အတွင်းရေးမှူးချုပ် Dr. KAO KIM HOURN ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား မေလ၅ရက် နံနက် ၁၀နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်း မ၌ လက်ခံ  တွေ့ဆုံခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထိုသို့တွေ့ဆုံဆွေးနွေးကြရာတွင် အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံအနေဖြင့် အကောင်းဆုံး ပူးပေါင်း  ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ .. အာဆီယံအစည်းအဝေးများတွင် မြန်မာနိုင်ငံမှ ပါဝင်နိုင်မှုအခြေအနေများ၊ အာဆီယံအနေဖြင့် မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပေးအပ်လျက်ရှိမှုနှင့် အကူအညီ လိုအပ်လျက်ရှိသည့်ပြည်သူများ လက်ဝယ်ရောက်ရှိရေး အကောင်းဆုံးပူးပေါင်း ဆောင်ရွက်ပေးလျက်  ရှိမှုအခြေအနေများကိုဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ယင်းအပြင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အခြေအနေမှန်များ ကိုသိရှိအောင်ဆောင်ရွက် ရန်လိုအပ်သည့် အခြေအနေများ၊ မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့်အခြေအနေများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် အာဆီယံအနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ အာဆီယံ နှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်သင့်သည့်အချက်များဆွေးနွေးရန်တို့နှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဆိုပါတွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဦးကိုကိုလှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒေါက်တာ စိုးဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး လာအိုနိုင်ငံ၊ ဝန်ကြီးချုပ်ရုံး ဝန်ကြီး(ငြိမ်း)နှင့် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့်အတူ အာဆီယံအတွင်းရေးမှူးချုပ် Dr. KAO KIM HOURN ၊ AHA Center အမှုဆောင် ဒါရိုက်တာ Mr. LEE YAM MING ၊ မြန်မာနိုင်ငံဆိုင်ရာလာအိုနိုင်ငံ သံအမတ်ကြီး H.E. Mr. Heuangseng KHAMDALAVONG နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လိုသတင်းရရှိပါတယ်။

@ymg/knl