#Local_News
Published 12 May 2024


▪️ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ တီတီ ဝမ်ဆာ အားကစားကွင်း၌ ၂၀၂၄ ခုနှစ်၊ မေ ၂၁ ရက်မှ ၂၆ ရက်အထိကျင်းပမည့် ISTAF WORLD CUP 2024 ကမ္ဘာ့ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ မြန်မာ့ လက်ရွေးစင် ပိုက်ကျော်ခြင်းအားကစားသမား များ သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

 

▪️ မြန်မာ့လက်ရွေးစင်အသင်းတွင် ဦးအောင်မျိုးစံမြင့်က အသင်းအုပ်ချုပ်သူအဖြစ်လည်းကောင်း၊ ဦးအောင်ချိုမြင့်က (နည်းပြ) အဖြစ်လည်းကောင်း လိုက်ပါပြီး ကစားသမားများတွင် (နောက်ထိန်း) ထူးအောင်ကျော်၊ သန့်ဇင်ထွန်း (ခ) ဓာတ်လုံး၊ မင်းသန့်သူ၊ ဝင်းကျော်၊ (လစ်) ဝင်းဇော်ဇော်ဦး (ခ) တရုတ်ကြီး၊ ဇင်ကိုကို၊ ဇင်မင်းဦး(ခ)အားဒစ်၊ အောင်မျိုးကျော် (ခ) မျိုးလေး၊ (ဖိုက်တာ) ရှိန်းဝဏ္ဏ ဇော် (ခ) ရှိန်းလေး၊ စစ်လင်းထွဋ်၊ ဖေငြိမ်းချမ်း၊ ရန်ပိုင်ဦး (ခ) ကျောင်းတိုက်တို့ ပါဝင်ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။

 

▪️ ပြိုင်ပွဲတွင် Regu event ၊ Team event နှင့် Double event တို့ပါဝင်ပြီး Premier တန်းနှင့် Division တန်းဟူ၍ ခွဲခြားယှဉ်ပြိုင်ရမည်ဖြစ်ကာ မြန်မာ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားတို့ကဲ့သို့ ပိုက်ကျော်ခြင်း ထိပ်တန်းနိုင်ငံများက လက်ရွေးစင် အသင်းများသည် Premier တန်းတွင် ယှဉ်ပြိုင် ကြရမည်ဖြစ်ကြောင်းသိရသည်။

 

▪️ ယခင်ပြိုင်ပွဲများကဲ့သို့ မိမိတို့ အားသာသည့် Event ကို ရွေးချယ်ခွင့်မရှိဘဲ Event အားလုံး ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်းလည်း သိရသည်။

 

▪️ ထို့ပြင် ယခုသွားရောက်ယှဉ်ပြိုင်ရမည့် World Cup 2024 ပြိုင်ပွဲသည် ယခင် ကျင်းပခဲ့ဖူးသော ပြိုင်ပွဲများထက် ထူးခြားချက်တစ်ခုမှာ ပြိုင်ပွဲဝင် အသင်းများ၏ ရလဒ်နှင့် ကစားသမားများ၏ အရည်အသွေးပေါ် မူတည်၍ နိုင်ငံများအား Rank အဆင့် သတ်မှတ်မည့် ပြိုင်ပွဲကြီးလည်းဖြစ်သည်။

 

▪️ ပြိုင်ပွဲသို့ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဂျပန်၊ ဘရူနိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ မြန်မာ၊ ဂျာမနီ၊ ပြင်သစ်၊ နီပေါ၊ အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ တရုတ်(တိုင်ပေ)၊ ဆော်ဒီအာရေးဗီးယား နိုင်ငံတို့ ပါဝင်ပြီး Premier တန်းနှင့် Division တန်းဟူ၍ ခွဲခြားယှဉ်ပြိုင်ကြမည်ဖြစ်သည်။

 

▪️ မြန်မာအသင်းသည် Premier တန်းတွင် ယှဉ်ပြိုင်ကြရမည်ဖြစ်ပြီး Regu Event ပြိုင်ပွဲတွင် အိန္ဒိယ၊ ဂျပန်တို့နှင့် အုပ်စု (ဃ) တွင်လည်းကောင်း၊ Double Event ပြိုင်ပွဲတွင် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား တို့နှင့် အုပ်စု (ဂ) တွင်လည်းကောင်း၊ Team Event ပြိုင်ပွဲတွင် ဖိလစ်ပိုင်၊ ကိုရီးယားတို့နှင့် အုပ်စု (ဃ) တွင်လည်းကောင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။

 

#YMG/LW #Yangon_Times