၁၁ မေ ၂၀၂၄

နယ်မြေခံတပ် များအနေဖြင့်လည်း မိမိတို့တပ်များအလိုက် နယ်မြေဒေသလုံခြုံရေး၊ နယ်မြေစိုးမိုးရေး လုပ်ငန်း  များကို ကြိုတင်မျှော်တွေး၍ ဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်က တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ အရာရှိ၊စစ်သည်များကို မှာကြားခဲ့တယ်လို့ နစကသတင်းထုတ် ပြန်ချက်အရသိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေလ ၁၁ရက်နေ့က တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြား   ရာမှာ ယင်းကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရာတွင် ခေတ်နှင့်အညီပြောင်းလဲ တိုးတက်  လာသည့် စစ်လက်နက်နည်းပညာများကိုလည်း မျက်ခြည် မပြတ်လေ့လာ သိရှိနေရကြရန်၊ ဖြစ်ပေါ်  လာနိုင် သည့်အခြေအနေများကို ကြိုတင်မျှော်တွေးပြင်ဆင်၍ လိုအပ်သည်မှန်သမျှကိုပြင်ဆင်ဆောင်ရွက် ကြရန်နှင့်  စစ်သည်တစ်ဦးချင်းစီအလိုက် အမြဲတမ်းတိုက်ပွဲဝင်အသင့် (Fit for Fight) ဖြစ်စေရေးအတွက် လေ့ကျင့်မှုများကို  မှန်မှန်ကန်ကန်ဆောင်ရွက်နေရကြရန်လည်း ဗိုလ်ချုပ်မှူးကြီးကမှာကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ အချိန်တွင် နိုင်ငံတော်တွင်ဖြစ်ပေါ်နေသော အခြေအနေများအရ လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်ထမ်း ဆောင်နေရသည့် တပ်များမှ စစ်သည်များနှင့် မိသားစုဝင် များအတွက်လည်း ထိုက်သင့်သည့်ချီးမြှင့်မှုများနှင့် လိုအပ်သည့်သက်သာချောင်ချိရေး ကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။

အဲဒီနောက် ဗိုလ်ချုပ်မှူးကြီးကကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက် ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာတိုင်းမှူးက လည်းကောင်း၊ ဗိုလ်ချုပ်မှူးကြီး၏ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းမှူး၏ ဇနီးက လည်းကောင်း အသီးသီး လက်ခံရယူခဲ့ကြပါတယ်။

အဆိုပါ တွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်နှင့်ဇနီး၊ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တြိဂံ ဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင် များ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်။

@ymg/knl