#Local_News
Published 11 May 2024

▪️ မော်လမြိုင် -ရန်ကုန်လမ်းမကြီး ကားလမ်းပေါ်ဘီးလင်းမြို့နှင့်သထုံမြို့အစပ်ရှိ  ဘီးလင်းကျုံအိတ် တံတားမှာ ယနေ့မနက်ပိုင်းက ထပ်မံကျိုးသွားသည့်အတွက် ယာဉ်များလှည့်ပြန်နေရပြီး ခရီးစဉ်‌များနှောင့်နှေးနေရကြောင်း ဒေသခံနှင့် ယာဉ်မောင်းများထံမှသိရသည်။

 

▪️ ဒေသခံများ၏အဆိုအရ အဆိုပါ ကျုံအိတ်တံတားဘက်မှ ယနေ့မေလ (၁၁) ရက်နေ့ ၄နာရီ အချိန်ခန့်တွင် ပေါက်ကွဲသံထွက်‌လာပြီးနောက် တံတားပြိုကျပျက်စီး‌နေသည့်အတွက် အသုံးပြု၍မရတော့ကြောင်း သိရသည်။

 

▪️ "မော်လမြိုင် ရန်ကုန်လမ်းမကြီး ကားလမ်း ဘီးလင်းကျုံအိတ်တံတားကျိုးသွားပါပြီ။ မနက် ၄ နာရီလောက်က ဖြစ်သွားတာပါ။ မိုင်းထိထားတဲ့တံတား၊ ထပ်ပြီးထိတာပါ။ လက်ရှိမှာတံတားက ဆက်သွားလို့မရတော့ပါဘူး။ အခုပဲပြန်‌ကွေ့လာရတယ်"ဟု အဝေးပြေးယာဉ်မောင်းတစ်ဦးကပြောသည်။

 

▪️ ကုန်တင်ယာဉ်များပိတ်ဆို့နေပြီး မော်လမြိုင်မြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ သွားနေကြသည့် အိမ်စီးကားများနှင့် ခရီးသည်တင်ယာဉ်များ မော်လမြိုင်မြို့ဘက်သို့ ပြန်လှည့်လာကြကြောင်း သိရသည်။

 

▪️ "ရော်ဘာတောလမ်းလေးတော့ရှိတယ်။ ဒါပေမယ့် အခြေအနေကဘာလဲမသိတော့ ပြန်လှည့်တာပဲကောင်းပါတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

 

▪️ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လ ၂၉ ရက် နံနက် (၄) နာရီခွဲအချိန်ခန့်ကလည်း သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြား ရန်ကုန် - မော်လမြိုင် ကားလမ်းမိုင်တိုင်အမှတ် (၁၃၁/၆) နှင့် (၁၃၁/၇) ကြားရှိ တံတားအမှတ် (၁၃၂/၃) ကျုံအိတ်တံတားအား KNU တပ်မဟာ (၁) ၊ တပ်ရင်း (၂) မှ KNLA/PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်းသိရသည်။

 

▪️ အဆိုပါ  တံတားမိုင်းခွဲခံရသည့်အတွက် တံတားတစ်ခြမ်းပြိုကျပျက်ဆီးခဲ့ပြီး  တံတားကျိုးကျချိန်တွင် အိမ်စီးကား သုံးစီးပျက်ဆီးခဲ့ရာ နှစ်စီးမှာ ချောင်းအတွင်းပြုတ်ကျပျက်ဆီးခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

 

▪️ ထို့နောက် ၂၀၂၃ခုနှစ် ၊ဇွန်လ ၂၉ ရက် နံနက် ၆ နာရီဝန်းကျင်အချိန်ခန့်တွင် မိုင်းခွဲခံရပြီးနောက် ထိခိုက်ပျက်ဆီးခဲ့သည့် ကျုံအိတ်တံတားအား စစ်ဆေးရန်လာရောက်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ထပ်မံတိုက်ခိုက်ခံရပြီး သထုံခရိုင်လမ်းဦးစီးမှူးတစ်ဦးသေဆုံးကာ (၂၈) ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

 

▪️ ထို့အပြင် မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ကျုံအိတ်တံတားအား ယာယီဘေလီတံတားထိုးရန် တံတားတည်ဆောက်ရေးအဖွဲ့များက လုပ်ဆောင်နေစဉ် (၈) ကြိမ်ထက်မနည်း Drop Bomb ချတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

 

▪️ သို့သော်လည်း (၂၀၂၃) ခုနှစ် ဇူလိုင်လ (၂၆) ရက်တွင် ယာယီဘေလီတံတားထိုးနိုင်ခဲ့ပြီး မော်တော်ယာဉ်များ ပုံမှန်နီးပါး ပြန်လည်သွားလာနိုင်ခဲ့ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times