6 May 2024

ဆော်ဒီအာရေဗျနိုင်ငံ၊ရီရတ်ဒ်မြို့တွင် အခက်အခဲများစွာနှင့်ရင်ဆိုင်နေရသည့် မြန်မာအမျိုးသမီး မခင်မျိုးမျိုးဦးကိုမြန်မာသံရုံးမှကူညီပြီး မြန်မာပြည်သို့ပြန်လည်ပို့‌ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာသံရုံးအနေဖြင့် ရီရတ်ဒ်မြို့ရှိ အာဏာပိုင်များနှင့် ညှိနှိုင်း၍ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ရာ ဆော်ဒီအာရေဗျနိုင်ငံမှ ဒေသစံတော်ချိန် နံနက် ၃ နာရီ ၅၅ မိနစ်တွင် လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာခဲ့ပြီး ဒူဘိုင်းမှတစ်ဆင့် ဆက်လက်ထွက်ခွာလာရာ ရန်ကုန်မြို့သို့ ည ၁၀ နာရီတွင် ရောက်ရှိခဲ့ပြီး ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မိဘဆွေမျိုးများက လှိုက်လှဲဝမ်းသာစွာဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုခဲ့ကြသည်ဟုဆိုသည်။

ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့တွင် အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရမှု နှင့်စပ်လျဉ်း၍ မခင်မျိုးမျိုးဦးက “ကျွန်မက ဒလမြို့နယ်ကပါ။ မြန်မာအေးဂျင့်နဲ့ ဆက်သွယ်ပြီး ဒူဘိုင်းကို ရောက်သွားတယ်။ ဒူဘိုင်းမှာ ရက် ၂၀ လောက်နေပြီး ဆော်ဒီအာရေဗျမှာ အလုပ်ရှိတယ်ဆိုပြီး ရောက်သွားတာပါ။ အလုပ်ရှင်ရဲ့ အိမ်မှာ တစ်နေ့ ကို ၅ နာရီနီးပါးပဲ အိပ်ပြီး အလုပ်လုပ်ရတယ်။ အခက်အခဲဆုံးအခြေအနေတွေကို ကျော်ဖြတ်ခဲ့ရတယ်။ ဓာတ်လိုက်ပြီးလဲကျသွားတယ်။ လက်ကိုကွေးလို့မရတော့ဘူး၊ မြန်မာသံရုံးက ကုသပေးလို့ ကောင်းသွားတာပါ။ လုပ်ခလစာတော့ပေးတယ်။ အခက်အခဲကြုံရချိန်မှာ မြန်မာသံရုံးမှာ မြန်မာတစ်ဦးတော့ ရှိမှာပဲဆိုပြီး အားကိုးတဲ့စိတ်နဲ့ အရောက်သွားခဲ့ပါတယ်။ ဟိုရောက်တော့ သံမှူးကြီးက ထွက်ခေါ်တော့ အတိုင်းမသိဝမ်းသာ ဝမ်းနည်းဖြစ်ခဲ့တယ်။ အစစအရာရာ အားလုံးကို သံရုံးက မိဘသဖွယ်ကူညီတဲ့အတွက် ဘယ်လိုကျေးဇူးဆပ်ရမှန်း မသိပါဘူး” ဟု ကြုံခဲ့ရမှုတို့ကို ပြောကြားကြောင်း နိုင်ငံပိုင်သတင်းစာ၌ဖော်ပြထားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် ရောက်ရှိနေသည့် နိုင်ငံသားများ အခက်အခဲကြုံတွေ့နေရပါက မည်သို့သောအခြေအနေ ကြုံတွေ့ရသည့်တိုင် နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထား၍ မြန်မာသံရုံးနှင့် သက်ဆိုင်ရာသံရုံးများချိတ်ဆက်၍ မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊

ပြည်ပ၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများကို မြန်မာသံရုံး၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းလည်း ဖော်ပြထားသည်။
Yangon_Times/tthl
#Local_News
#Published 06 May 2024
#Yangon_Media_Group #YMG #Yangon_Times