#Local_News
Published 30 March 2024

မန္တလေးမြို့၌သင်္ကြန်ရေကစားမဏ္ဍပ် ၂၅ ခု ခွင့်ပြုထားပြီး လမ်းလျှောက်သင်္ကြန်ကိုလည်း ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ  သိရသည်။

 

လာမည့် ဧပြီလ၌ ကျင်းပမည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ရေသဘင်ပွဲတော်ကာလကို မန္တလေးမြို့တွင်  စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကျုံးဘေး ၂၆ လမ်းတွင်  ရေကစားမဏ္ဍပ်ကြီး ၈ ခု၊ ၆၆ လမ်းမတွင်  ရေကစားမဏ္ဍပ်ကြီး ၃ ခုနှင့် ရေကစားမဏ္ဍပ်အသေး ၁၄ ခု ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ယခုနှစ်မန္တလေးမြို့သင်္ကြန်ပွဲတော်၌ ကျုံးဘေး ၂၆ လမ်းဘက်တွင် လမ်းလျှောက်သင်္ကြန်ကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ လမ်းလျှောက်သင်္ကြန်ကိုမူ  ၂၆ လမ်း၊ ၆၆ လမ်းနှင့်၇၁ လမ်းအထိသာ  ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း  သိရသည်။

 

ထို့အပြင် မန္တလေးသင်္ကြန်ပွဲတော်ကာလ၌ ၂၆ လမ်း၊ ၇၁ လမ်းမှ လမ်း ၈၀ အထိ ကျုံးဘေး ကပ်လျက်များတွင်  ရေကစားမဏ္ဍပ်ကြီးများ ဆောက်လုပ်ကာ ရေပက်ခံကားများကို ဝင်၊ ထွက်ခွင့်ပြုပြီး ရေပက်ခံထွက်နိုင်ရန် စီစဉ်ပေးထား‌ကြောင်း သိရသည်။

 

၎င်းအပြင် မန္တလေးမြို့ ကျုံးတောင်ဘက် ၂၆ လမ်း နှင့်  ကျုံးအရှေ့ဘက် ၆၆ လမ်း၌  ရေကစားမဏ္ဍပ်ကြီး ဆောက်လုပ်ပြီး ရေပက်ကစားလိုသူများအနေဖြင့်လည်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနကို ဧပြီ ၁၀ ရက် နောက်ဆုံးထားလျှောက်ထားနိုင်ကြောင်း သိရသည်။

 

#Local_News #ရေကစားမဏ္ဍပ်၂၅ခု #လမ်းလျှောက်သင်္ကြန် #YMG/NN #Yangon-Times