Published_ 21 March 2024

ရန်ကုန်တိုင်းအတွင်းရှိ  လှိုင်သာယာ၊ရွှေပြည်သာ၊ဗဟန်းအပါအဝင် မြို့နယ်အချို့တွင် ယနေ့ မတ်လ (၂၁)ရက်‌ နေ့လယ်ပိုင်း၌ အချိန်အခါ မဟုတ်မိုးဖွဲဖွဲနှင့် မိုးထစ်ချုန်းရွာသွန်းကြောင်း သိရသည်။

ယင်းကဲ့သို့ ဒေသအချို့တွင် အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာခြင်း၊မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊မိုးသီးကြွေခြင်းများဖြစ်နိုင်ကြောင်းကိုလည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသတိပေးထားသည်။

အချိန်အခါမဟုတ်မိုးရွာရသည့်အကြောင်းကတော့ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ ရွေ့လျားလာသော တိမ်တိုက်‌တွေကြောင့်လည်း ကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသည့် လေပွေလှိုင်း‌များ၏အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်‌များဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့် လည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းများ၏  အရှိန်ကြောင့် လည်းကောင်း ဒေသတော်တော်များများမှာ မိုးထစ်ချုန်းရွာသွန်းမည်ဖြစ်သည်ဟုဆိုသည်။

မတ်လ(၂၁)ရက်ညနေပိုင်းအချိန်ထိခန့်မှန်းချက် အနေဖြင့် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။

နောက်(၂)ရက် မတ်လ(၂၂)ရက်(၂၃)ရက်အတွက်ခန့်မှန်းချက်အနေဖြင့်  တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာ စိပ်စိပ်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group