Published_ 21 March 2024

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့် မဲပေါက်ထားသူများကို ငှားရမ်းနေထိုင်ခွင့်အတွက် မကြာမီကာလ အတွင်း စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည် ။

အဆိုပါ သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တွင် အိမ်ငှားရမ်းခွင့်အတွက် မီတာများတပ်ဆင်နိုင်ရေး ဆောင်ရွက်နေပြီး မီတာများတပ်ဆင်ပြီးပါက စာချုပ်ချုပ်ဆိုနိုင်ရေးနှင့် အိမ်လခများပေးသွင်းနိုင်‌ရေး ဆက်လက်အသိပေး သွားမည်ဖြစ်ကြောင်း သိရသည် ။

ပြည်သူ့အငှားအိမ်ရာရှိ အခန်းများ၏ တစ်လငှားရမ်းခနှုန်းထားများမှာ ပထမထပ် ၆၇,၀၀၀ ကျပ်၊ ဒုတိယထပ် ၆၀,၀၀၀ ကျပ်၊ တတိယထပ် ၅၅,၀၀၀ ကျပ်နှင့် စတုတ္ထထပ် ၄၆,၀၀၀ ကျပ်တို့ဖြစ်ကြောင်း ၊ယင်း သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများအား နေရေးအခက်အခဲရှိသည့် ပြည်သူများ၊ အငြိမ်းစား ဝန်ထမ်း များနှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအား သတ်မှတ်ငှားရမ်းခနှုန်းထားဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုရန် ကြေညာထားပြီး ဖြစ်ကြောင်းသိရသည်။

ထို့အပြင်သုခဒဂုံပြည်သူ့အငှားအိမ်ရာ ပထမအဆင့် မဲပေါက်နေထိုင်ခွင့် ရရှိသူများအတွက် အိမ်လခ စပေါ်ငွေလက်ခံခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၀ ရက် မှ  ၃၀ ရက်အထိ လက်ခံ ဆောင်ရွက်ထားပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင် အိမ်ခန်းပေါင်း ၄၅၀ ကို သော့များထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည် ။
Yangon Times/NN
#Local_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group