Published 20 March 2024

အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ရွေးချယ်ရေးအတွက် အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးဌာန မှ တာဝန်ရှိသူများက စက်ရုံ အလုပ်ရုံ များ ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း အဆိုပါဦးစီးဌာန၏သတင်း ထုတ်ပြန်ချက်အရသိရသည်။

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို အလေးအနက်ထား အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များအား အသိအမှတ်ပြုသည့်အနေဖြင့် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် (ASEAN-OSHNET) မှ ချီးမြှင့်သည့် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ထူးခြားစွမ်းဆောင်ဆု (ASEAN-OSHNET Excellence Award)၊ ကောင်းမွန်သည့် အလေ့အထကျင့်စဉ် စွမ်းဆောင်ဆု (ASEAN-OSHNET Best Practice Award) များကို မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ရရှိစေရေး အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ASEAN-OSHNET ၏ သတ်မှတ်ချက်များနှင့်အညီ ၂ နှစ် တစ်ကြိမ် ရွေးချယ်ပေးလျက်ရှိကြောင်းသိရသည်။

ထို့ကြောင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆုနှင့် ပတ်သက်သည့် ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ခြင်း၊ ဆုလျှောက်လွှာထုတ်ယူခြင်းနှင့် တင်သွင်းခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ASEAN-OSHNET Excellence ဆုအတွက် စက်ရုံ (၁၁) ရုံ၊ ASEAN-OSHNET Best Practices ဆုအတွက် စက်ရုံ (၉) ရုံ လျှောက်လွှာတင်သွင်းခဲ့ကြောင်းသိရသည်။

ဆုရွေးချယ်ရေး ကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ၍ စက်ရုံများအား ကနဦး ရွေးချယ်ခဲ့ရာ ASEAN-OSHNET Excellence Award ဆုအတွက် စက်ရုံ (၁၀) ရုံ၊ ASEAN-OSHNET Best Practice Award ဆုအတွက် စက်ရုံ (၆) ရုံမှ ပဏာမအဆင့်အောင်မြင်ခဲ့ကြောင်း သိရသည်။

ပဏာမအဆင့် အောင်မြင်ခဲ့သည့်စက်ရုံများအား အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေး ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်ဌာနခွဲ၊ ပြင်ပကျွမ်းကျင်ပညာရှင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရှိ ကိုယ်စားလှယ်များ ပါဝင်သည့် ASEAN-OSHNET ဆုရွေးချယ်ရေးကော်မတီက ကွင်းဆင်းစစ်ဆေး ၍ ရွေးချယ်မည်ဖြစ်ရာ မတ်လ ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ Myanmar Brewery Limited စက်ရုံ (Excellence)၊ Dento MEC သွားတိုက်တံ နှင့် သွားတိုက်ဆေး စက်ရုံ (Best Practices)၊ OJI GS Packaging Co., Ltd (Best Practices) များသို့ ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group