Published_ 20 March 2024

ငွေအရင်းအနှီးလိုအပ်သည့် ဆီစက်ပိုင်ရှင်များကို အတိုးနှုန်းသက်သာစွာဖြင့်ချေးငွေများ ချေးပေးမည်ဖြစ်၍ဆီစက်ချေးငွေ အဆိုပြုလွှာများလျှောက်ထားနိုင်ကြောင်း သိရသည်။

လုပ်ငန်းသုံးလှည့်ပတ် ရင်းနှီးငွေအနည်းဆုံးကျပ် သိန်း ၁၀၀ မှ အများဆုံး ကျပ် သိန်း ၃၀၀၀ အထိချေးနိုင်ပြီး ချေးငွေဆပ်ရမည့်သက်တမ်းတစ်နှစ် သတ်မှတ်ထားသည်။

မတည်ရင်းနှီးငွေအနည်းဆုံး ကျပ်  သိန်း ၂၀၀ မှ အများဆုံး ကျပ် သိန်း ၃၀၀၀ အထိချေးနိုင်ပြီး ချေးငွေသက်တမ်း(၃)နှစ်(၃)ရစ်ဆပ်ရမည်ဖြစ်ကာ အတိုးနှုန်းတစ်နှစ်လျှင်(၅%)သတ်မှတ်ထားသည်ုဆိုသည်။

ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေကို အောက်ပါအချက်များနှင့် ညီညွတ်ပါက လျှောက်ထားနိုင်သည် ။

(က) လက်ရှိ လုပ်ငန်းလည်ပတ်လုပ်ကိုင်နေသော ဆီစက် ဖြစ်ရမည်၊

(ခ) လုပ်ငန်းအမည်ပေါက် လိုင်စင် (သက်တမ်းရှိ)ရရှိရမည်၊

(ဂ) ချေးငွေအတွက် အာမခံအဖြစ် အမည်ပေါက်ပိုင်ဆိုင် သော မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းများ၊ လယ်ယာ မြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) ပေးအပ်နိုင်ရမည်၊

(ဃ) နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များတွင် လက်ရှိ ချေးငွေရယူထားသူများအနေဖြင့် ဆီစက်ဖွံ့ဖြိုးရေး ချေးငွေရယူလိုပါက သီးခြားအာမခံ တင်သွင်းနိုင်မှသာ လျှောက်ထားနိုင်ပါသည်၊

(င) FDA လက်မှတ်ရရှိပြီးသူ၊ အသေးစားစက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ်ရရှိပြီးသူ၊ သက်ဆိုင်ရာဒေသရှိဆီစက်ပိုင်ရှင်များအသင်း၊ ဆီကုန်သည်နှင့် ဆီစက် လုပ်ငန်းရှင်များအသင်းဝင် ဆီစက်လုပ်ငန်းရှင်များ အား ဦးစားပေးစဉ်းစားမည်ဖြစ်သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါချေးငွေများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထူထောင်ထားသည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေမှပေးခြင်းဖြစ်ပြီး ဆီစက်ချေးငွေ အဆိုပြုလွှာပုံစံများကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန website www. mopf.gov.mm ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန website https://msmewebportal.gov.mm/ ၊ မြန်မာဆီစက်ပိုင်ရှင်များအသင်း website http://www.meoma.org ၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီစက်လုပ်ငန်းရှင်များအသင်း website http://meoda.myanmarwebtraining.com ၊ MEB website www.meb.gov.mm ၊ MADB website www.madb.gov.mm တို့တွင် download ရယူနိုင်ကြောင်းသိရသည်။

ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားရယူလိုသော ဆီစက်လုပ်ငန်းရှင်များသည် အောက်ပါ ရုံး၊ ဌာန၊ ဘဏ်ခွဲများတွင် ချေးငွေအဆိုပြုလွှာများရယူ၍ လျှောက်ထားနိုင်ပါသည် -
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်ရှိ ဆီစက်ပိုင်ရှင်များ အသင်းရုံးများအားလုံး၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ရုံးများအားလုံး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ရုံးခွဲများအားလုံး၊ မြန်မာ့ စီးပွားရေးဘဏ်ခွဲများအားလုံး၊မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲများအားလုံး၌လျှောက်ထားနိုင် ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group