#Local_News
Published 17 March 2024

မက်ဆီကိုနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Miss Universe ပြိုင်ပွဲအတွက် ဒီဇိုင်းနာတစ်ဦး၏တီထွင်ချုပ်လုပ်ထားသည့် ဝတ်စုံသည် မြန်မာ့ဇာတ်သဘင်ယဉ်ကျေးမှုထိခိုက်‌၍ မြန်မာနိုင်ငံသဘင်အစည်း အရုံး(ဗဟို)မှ သတိပေးတားမြစ်ချက်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

 

အဆိုပါ ဒီဇိုင်း နှင့် ဝတ်ဆင်မှုသည် မြန်မာ့ဇာတ်သဘင်တွင် အမြတ်တနိုး အလေးအနက်ထားရသော သဘင်မင်းသားခေါင်းပေါင်း နှင့် အမျိုးသမီး ဂါဝန်ကို တွဲဖက်ထားခြင်း၊  ရိုးရာ သဘင်မင်းသားခေါင်းပေါင်းပေါင်းပြီး ရင်သားဖော်ကာ ချုပ်လုပ် ဝတ်ဆင်ထားခြင်းပါဝင်‌ နေ၍ ယင်းကဲ့သို့ သတိပေးတားမြစ်ချက် ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

 

ထုတ်ပြန်ချက်တွင် လူမှုကွန်ယက်စာမျက်နှာ၊ FAE: Fashion & Artistry Exhibition Page တွင် ၁၆.၃.၂၀၂၄ ရက်နေ့က တင်ထားသည့် Post များ၌- ၂၀၂၄ ခုနှစ်၊ မက်ဆီကို နိုင်ငံတွင် ကျင်းပပြုလုပ်မည့် Miss Universe ပြိုင်ပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်နိုင်ရန် တီထွင်ချုပ်လုပ်ထားသည်ဆိုသော ဝတ်စုံဖန်တီးမှုဟုဆိုကာ မော်ဒယ် စင်ဒီမြတ်မှ ဝတ်ဆင်ပြသထားပြီး ဒီဇိုင်နာ ခင်စုစုအောင် ၏ ဒီဇိုင်း ပုံကြမ်းများကို တွေ့ရှိရပါသည်။

 

ပို့စ်တွင် ရေးသားချက်အရ မြန်မာ့ဇာတ်သဘင် ဇာတ်မင်းသား၏ ပုံရိပ်ကို ကူးယူကြောင်းလည်း ဖော်ပြထားကြောင်း

 

အဆိုပါ ဒီဇိုင်း နှင့် ဝတ်ဆင်မှုသည်
(၁) မြန်မာ့ဇာတ်သဘင်တွင် အမြတ်တနိုး အလေးအနက်ထားရသော သဘင်မင်းသား ခေါင်းပေါင်း နှင့် အမျိုးသမီး ဂါဝန်ကို တွဲဖက်ထားခြင်း


(၂)  ရိုးရာ သဘင်မင်းသားခေါင်းပေါင်း ပေါင်းပြီး ရင်သားဖော်ကာ ချုပ်လုပ် ဝတ်ဆင်ထားခြင်း တို့သည်


မည်သို့မျှ မသင့်တော် မအပ်စပ်သည့် အပြင်၊ မြန်မာ့ဇာတ်သဘင် ယဉ်ကျေးမှုကို ထိပါး စော်ကားရာ ရောက်နေသည်ဟုထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

သို့ဖြစ်ပါ၍ အဆိုပါဝတ်စုံအား ထပ်မံ၍ ဝတ်ဆင် ဖော်ပြခြင်း နှင့် နိုင်ငံ့ကိုယ်စားပြုယှဉ်ပြိုင်မည့် Miss Universe ပြိုင်ပွဲတွင် ဝတ်ဆင်ခြင်းတို့အား မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ ပြင်းထန်စွာ ရှုံ့ချ၍ အလေးအနက် သတိပေး တားမြစ်ကြောင်း၊

 

ယခု သတိပေးတားမြစ်ချက်အား လိုက်နာခြင်း မရှိပါက မြန်မာနိုင်ငံသဘင်အစည်းအရုံး၏ သဘင့် စည်းမျဉ်းစည်းကမ်းများ၊ မြန်မာ့ယဉ်ကျေးမှု စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာထားသည်။

 

#Local_News #ဇာတ်မင်းသားခေါင်းပေါင်းနှင့်ဂါဝန်တွဲ #မြန်မာ့ဇာတ်သဘင်ယဉ်ကျေးမှုထိခိုက်‌
#tthl #Yangon_Times