Published 11 March 2024

ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးသုံးခုမှ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူထားသည့် ငါးဖမ်း၊ ငါးသယ်ရေယာဉ်၅၇စီးအား ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း တင်ဒါလက်ခံရေးနှင့် စိစစ်ရေးလုပ်ငန်းကော်မတီ(လေလံတင်ရောင်းချရေးလုပ်ငန်းကော်မတီ) ၏ ထုတ်ပြန်ချက်အရသိရသည် ။

အဆိုပါကဲ့သို့ရောင်းချရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနက  ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူထိန်းသိမ်းထားသည့်  ငါးဖမ်း၊ ငါးသယ်ရေယာဉ် များအား ရောင်းချသွားမည်ဖြစ်ပြီး  ရေယာဉ်တွေကို မျက်မြင်အခြေအနေအတိုင်း ဈေးပြိုင်စနစ်ဖြင့်လေလံတင်ရောင်းချသွားရန်စီစဉ်ထားကြောင်း ဆသိရသည်။
ထိုကဲ့သို့  ရောင်းချသွားမည့်  ရေယာဉ်များမှာ  ကော့သောင်းခရိုင်မှ  (၇) စီး၊ ဘုတ်ပြင်းခရိုင်မှ  (၅) စီး၊ မြိတ်ခရိုင်မှ  (၁၅) စီး၊ ဖျာပုံခရိုင်မှ  (၂၃) စီးနှင့်  ရန်ကုန်တိုင်းဒေသကြီး၌  (၂) စီး ဖြစ်ကြောင်းသိရသည်။

အဆိုပါ လျှောက်လွှာများကို မတ်လ ၈ ရက်မှ  ၂၅ ရက်အထိ ရောင်းချသွားမည် ဖြစ်ပြီး နေ့စဉ်ရုံးဖွင့်ချိန်ဖြစ်သည့်  နံနက် ၉ နာရီခွဲမှ  ညနေ ၃ နာရီခွဲအထိ နေပြည်တော်က ရုံးအမှတ် (၃၆)၊ ငါးလုပ်ငန်းဦးစီးဌာန (ရုံးချုပ်) ၌  ဝယ်ယူနိုင်ပြီဖြစ်ကြောင်း၊ ဝယ်ယူလိုသူများ အနေဖြင့်   သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနများသို့  သွားရောက်ဆက်သွယ်ပြီး ရေယာဉ်များ၏  မျက်မြင်အခြေအနေများကို ကြည့်ရှုရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လျှောက်လွှာ တစ်စောင်လျှင်  ကျပ် ၅၀၀၀ ကျသင့်မည် ဖြစ်ပြီး မတ် ၂၉ ရက်၊ ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ် (၃၆)၊ ပဏ္ဍိတလမ်း၊ နေပြည်တော်၌  လေလံတင်ရောင်းချသွားမည် ဖြစ်သည် ။လေလံဆွဲသူသည်  ဝယ်ယူမည့် ရေယာဉ် (၁) စီးချင်းအတွက် စဘော်ငွေကို နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်၌  Payment Order Cheque (P.O) ဝယ်ယူပြီး လေလံပွဲမတိုင်မီ မတ်လ ၂၆ ရက် နောက်ဆုံးထားပြီး လေလံတင်ရောင်းချရေးကော်မတီကို တင်ပြရမည်ဖြစ်ကြောင်း၊အသေးစိတ်သိရှိလိုပါက၀၆၇-၄၁၈၅၃၁၊၀၆၇-၄၀၈၄၇၇ ကို ဆက်သွယ်နိုင်ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group