24 February 2024

အသက်ဆုံးရှုံးသွားသော မြန်မာသင်္ဘောသား (၂)ဦး၏အသက် အာမခံကြေးရရန်ခက်ခဲနေမှုကို မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် (MSF)မှ ဖြေရှင်းကူညီပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်္ဘောသားနှစ်ဦးမှာ သင်္ဘောလိုက်စဉ်ကာလအတွင်း( သို့မဟုတ်) အလုပ်ခန့်စာချုပ်ကာလသက်တမ်းအတွင်း အသက်ဆုံးရှုံးခဲ့ခြင်းဖြစ်ပြီး အဖွဲ့ချုပ်၏ကူညီမှုဖြင့် အသက်အာမခံကြေးရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာသင်္ဘောသားနှစ်ဦးအနက် လွန်ခဲ့သည့် (၃) နှစ်ကျော်က ဓားထိုးဒဏ်ရာဖြင့် အသက်သေဆုံးသည့် သင်္ဘောသား၏ အသက်အာမခံနှင့် လွန်ခဲ့သည့် (၉) လခန့်က ရေထဲပြုတ်ကျ၍ အသက်သေဆုံးသည့် မြန်မာသင်္ဘောသား၏ အသက်အာမခံ (၁) ဦးလျှင် အသက်အာမခံလျော်ကြေး သိန်းနှစ်ရာ (၂၀,၀၀၀,၀၀၀) စုစုပေါင်း သိန်းလေးရာ (၄၀,၀၀၀,၀၀၀) အား အမွေစားအမွေခံမိခင် (၂) ဦးမှ ယနေ့ ၂၀၂၄-၀၂-၂၂ ရက် ကြာသပတေးနေ့တွင် မြန်မာ့အာမခံမှထုတ်ယူရရှိခဲ့သည်။

MSF အဖွဲ့ချုပ်၏ အသင်းသားဟုတ်သည် ဖြစ်စေ၊ အသင်းသားမဟုတ်သည်ဖြစ်စေ အဖွဲ့ချုပ်သို့ ကြုံတွေ့ရသည့် အခက်အခဲပြဿနာများအား အဖွဲ့ချုပ်ရုံးသို့ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ၊ Messenger Chat Box မှတစ်ဆင့်ဆက်သွယ်၍ဖြစ်စေ တင်ပြဆွေးနွေးနိုင်ကြောင်းနှင့်

သင်္ဘောလိုက်စဉ်ကာလအတွင်း( သို့မဟုတ်) အလုပ်ခန့်စာချုပ်ကာလသက်တမ်းအတွင်း ကြုံတွေ့ရသည့် ထိခိုက်ဒဏ်ရာရမှုနှင့်အသက်သေဆုံးမှုများအတွက် အချိန်ဆွဲမနေဘဲ မဆိုင်းမတွ အဖွဲ့ချုပ်သို့လာရောက်တင်ပြဆွေးနွေးရန် တိုက်တွန်းကြောင်း၊

အချို့သော SRPS များသည် မသိနားမလည်သည့် မိသားစုဝင်များအား လှည့်ပတ်ပြောဆို၍ သဘောတူညီမှုများအား လက်မှတ်ရေးထိုးခိုင်း‌နေသည်ကို အမှုတိုင်တန်းသည့် သင်္ဘောသားနှင့်မိသားစုများထံမှ ကြားသိနေရပါသဖြင့် SRPS ဖြစ်စေ၊ သင်္ဘောသားဖြစ်စေ၊ မိသားစုဖြစ်စေ သင်္ဘောသား၏ရပိုင့်ခွင့်နှင့်ခံစားခွင့်ကိစ္စများရှင်းလင်းရန်အတွက် MSF အဖွဲ့ချုပ်ရုံးသို့ လာရောက်တိုင်ပင်ပါရန် တံခါးဖွင့်ကြိုဆိုလျှက်ရှိပါကြောင်း အသိပေးအပ်ကြောင်း မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်(MSF)မှ ဖော်ပြထားသည်။
Yangon Times/tthl
#Local_News
#Published_ 24 February 2024
#YMG_News #Yangon_Times #Yangon_Media_Group