Published 23 February 2024

သုံးနှစ်တာအတွင်းလူမှုဖူလုံရေး အာမခံအလုပ်သမားလူနာ ၃ သန်းခန့်အား ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ကျန်းမာရေးစောင့်ရှောက်မှုများပေးရာတွင် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ လူမှုဖူလုံရေးအဖွဲ့က အာမခံအလုပ်သမားလူနာ၂ ဒသမ ၈၁ သန်းကျော်ကို ကောင်းမွန်သည့်  ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ခဲ့ခြင်းဖြစ်‌ကြောင်း  သိရသည်။

အာမခံအလုပ်သမားများကို ပိုမိုထိရောက်ကောင်းမွန်ပြီးအလွယ်တကူလက်လှမ်းမီသည့်  ကျန်းမာရေးဝန်ဆောင်မှုများ ရရှိနိုင်ရန်နိုင်ငံတကာမှ  လူမှုကျန်းမာရေးအာမခံစနစ် (Social Health Insurance) အရ ဆောင်ရွက်နေသည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်များ ကို လေ့လာပြီး Provider Purchaser Split (PPS) စနစ်အရပုဂ္ဂလိကဆေးခန်း၊ ဆေးရုံများနှင့် စာချုပ်ချုပ်ဆိုကာ Capitation Payment ဖြင့်  ဆေးခန်း ၂၁ ခန်း၊ Fee for Service Payment ဖြင့် ဆေးခန်း ၄၀ ဖွင့်လှစ်ဆောင်ရွက်ပေးနေကြောင်း  သိရသည်။
လက်ရှိတွင်  လူမှုဖူလုံရေးစီမံကိန်း အကျုံးဝင်မြို့နယ် ၁၂၂ မြို့နယ်ရှိ အလုပ်ဌာနများမှ  လူမှုဖူလုံရေး အကျုံးဝင် အာမခံအလုပ်သမား ၁ ဒသမ ၂၄ သန်းအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့်  ငွေကြေးအကျိုးခံစားခွင့်များအား  ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင်လူမှုဖူလုံရေးအဖွဲ့၌  အကျုံးဝင်အာမခံအလုပ်သမားဦးရေ ၅၀ ရာခိုင်နှုန်းကျော်ခန့်သည်  အမျိုးသမီး အာမခံ အလုပ်သမားများဖြစ်နေပြီး အမျိုးသမီးများ၏ မီးဖွားခြင်းဆိုင်ရာဝန်ဆောင်မှုအကျိုးခံစားခွင့်များကိုခွင့်ပြု ပေးနိုင်ရန် ဆေးဖိုးပြန်အမ်းမှုဆိုင်ရာညွှန်ကြားချက်များ ထုတ်ပြန်ပြီး ဆေးဖိုးကုန်ကျမှုများ  ပြန်လည်ပေးအပ်လျက် ရှိရာ ၂၀၂၂ ခုနှစ် ဧပြီမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီအထိ အာမခံအမျိုးသမီးအလုပ်သမား ၁၇,၄၁၃ ဦးအတွက် ငွေကျပ်သန်း ၂၁၈၆ ဒသမ ၆၄၉ ကို ခွင့်ပြုထုတ်ပေးနိုင်ခဲ့ကြောင်းသိရသည်။

၎င်းအပြင် မြို့နယ်လူမှုဖူလုံရေးရုံးများကို ဥပဒေအရ အာမခံအလုပ်သမားများမှ  တင်ပြလာသည့် အကျိုးခံစားခွင့်အမှုတွဲများကို အချိန်နှင့်တစ်ပြေးညီ ခွင့်ပြုထုတ်ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ  ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ ငွေကျပ်သန်းပေါင်း ၆၂,၅၉၄ ဒသမ ၅၃၁ ကို ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 23 February 2024
#YMG_News #Yangon_Times #Yangon_Media_Group