#Local_news
Published_ 18 February 2024


မြန်မာနိုင်ငံရှိ ပြည်သူ့ဆေးရုံကြီးများ၌ ၂၀၂၃ ခုနှစ်တွင် ကင်ဆာဓာတ်ရောင်ခြည် ကုသမှု အကြိမ်ရေ ၁ သောင်း ၁ ထောင်ကျော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။

 

ကင်ဆာဓာတ်ရောင်ခြည် ကုသမှုများကို အရေးပေါ်အခြေအနေများတွင် စောင့်ဆိုင်းမှုမရှိစေဘဲ ဆောင်ရွက်ပေးလျက်ရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေး ပြည်သူ့ဆေးရုံကြီး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) နှင့် တောင်ကြီးမြို စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတိုတွင် ကင်ဆာဓာတ်ရောင်ခြည် ကုသစက် ၁၂ လုံး အသုံးပြုကာ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ၌ပါ ဆောင်ရွက်ပေးလျက်ရှိပြီး ၁၁၀၃၆၇ ကြိမ်ထိ ဆောင်ရွက်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာရောဂါ ဓာတ်ရောင်ခြည်ကုသဌာန၌ ရုံးပိတ်ရက် များတွင်လည်း ကင်ဆာဓာတ်ရောင်ခြည် ကုသစက်သုံးလုံးဖြင့် ကင်ဆာရောဂါ ဓာတ်ရောင်ခြည်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိရာ အိန္ဒိယနိုင်ငံမှ လှူဒါန်းထားသည့် Bhabhatron စက်ကိုလည်း တပ်ဆင်ထားကြောင်း သိရပါတယ်။

 

ထို့ပြင် အဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေကုသရေးဌာန၌ အဏုမြူရောင်ခြည် ဖြင့် ကင်ဆာရောဂါပျံ့နှံမှုကို ရှာဖွေသည့် PET/CT စက်၊ စက်လည်ပတ်ရန်လိုအပ်သော အဏုမြူရောင်ခြည် ပစ္စည်းထုတ်လုပ်တဲ့ Cyclotron စက်များ ဖြင့် ကုသပေးနေတာဖြစ် ပါတယ်။

 

ထို့အပြင် ကင်ဆာဓာတ်ရောင်ခြည် ကုသမှုကို တပ်မတော်ဆေးရုံကြီးများ၌လည်း ဆောင်ရွက်ပေးလျက်ရှိပြီး ရန်ကုန်၊ နေပြည်တော်ရှိ ပုဂ္ဂလိကဆေးရုံများတွင်လည်း ဆောင်ရွက်ပေးနေကြောင်း သရပါတယ်။

 

ကင်ဆာရောဂါ ဝေဒနာရှင်များ စောင့်ဆိုင်းမှုလျော့နည်းစေရေးနှင့် ထိရောက်သည့် ကုသမှုရရှိစေရေးအတွက် နိုင်ငံတော်အနေဖြင့် ယခုနှစ်တွင် ကင်ဆာရောဂါ ဆေးဝါးများ ဝယ်ယူရန်အတွက် ခွင့်ပြုရန်ပုံငွေ ၁၂ ဘီလီယံ ကျော် ခွင့်ပြုချထားပေးခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်း မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ကင်ဆာရောဂါ ဓာတ်ရောင်ခြည်ကုသစက် အသစ်တစ်လုံး တပ်ဆင်ပေးခဲ့ပါတယ်။

 

ထို့အပြင် ဓာတ်ရောင်ခြည်ကုသစက် အသစ် ၃ လုံးကို အသစ်ဆောက်လုပ်ပြီးစီးနေပြီဖြစ်တဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမျိုးသားကင်ဆာကုသရေးဌာန၌ ယခုနှစ်အတွင်း တပ်ဆင်သွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

 

#Local_news #ကင်ဆာဓာတ်ရောင်ခြည်ကုသမှု #Ymg_mnn #Yangon_Media_Group