#Local_News
Published_ 18 February 2024


မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားကြီးကို ရန်ကုန်မြို့တွင်းသို့ ဝင်၊ ထွက် သွားလာမည့် တန်ချိန် ၁၅၀၀၀ ရှိသည့် ပင်လယ်ကူးသင်္ဘောကြီးများ ဖြတ်သန်းနိုင်အောင် ပုံစံထုတ်၍ တည်ဆောက်ထားကြောင်း သိရပါတယ်။

 

နိုင်ငံတကာတံတား သတ်မှတ်ချက် စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အဆိုပါတံတားပုံစံ ထုတ်လုပ်ရာ၌ တန်ချိန် ၁၅၀၀၀ ရှိ ပင်လယ်ကူးသင်္ဘောကြီးများ ဖြတ်သန်းနိုင်ရေးအတွက် ပင်မတံတား ရေလမ်းကင်းလွတ်အမြင့်ကို ၄၉ မီတာအထိ ထားရှိခဲ့ရသဖြင့် ဆင်ခြေလျှော တံတား (Ramp Bridges) များကို အတက်၊ အဆင်း (Gradient) ပြေပြစ်စေရေးနှင့် ကမ်းနားလမ်းဈေးဆိုင်ခန်းများ၊ အဆောက်အအုံများဖယ်ရှားမှု အနည်းဆုံးဖြစ်စေရေးအတွက် ချဉ်းကပ်တံတားနှင့် ဆင်ခြေလျှောတံတား အရှည်တို့ကို တွက်ချက်ခဲ့ရပါတယ်။

 

မြန်မာနိုင်ငံ၌ တည်ဆောက်ပြီးစီးခဲ့တဲ့ တံတားများအနက် ရေလမ်းကင်းလွတ်အမြင့် အများဆုံးဖြစ်ပြီး တံတားကြမ်းခင်းအမြင့်ဆုံး တံတားတစ်စင်းဖြစ်ပါတယ်။

 

မော်တော်ယာဉ်များ ဖြတ်သန်းမောင်းနှင်ရာ၌ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ပင်မတံတားနှင့် ချဉ်းကပ်တံတားတို့တွင် တစ်နာရီ ၅၀ ကီလိုမီတာနှုန်းနှင့် ဆင်ခြေလျှောတံတားများတွင် တစ်နာရီ ၃၀ ကီလိုမီတာနှုန်းတို့ဖြင့် မောင်းနှင်နိုင်ရန် ဒီဇိုင်းပုံစံထုတ်၍ တည်ဆောက်ထားကြောင်း သိရပါတယ်။

 

#Local_News #တန်ချိန်၁၅၀၀၀ရှိပင်လယ်ကူးသင်္ဘောကြီး #ဒလတံတားကို ပုံစံထုတ်တည်ဆောက်ထား #ymg_mnn #Yangon_Media_Group