#Local_News
Published_ 16 February 2024

လန်ချန်း-မဲခေါင်ရံပုံငွေဖြင့် မြန်မာထုတ်ကုန်များကိုအရည်အသွေးမြှင့်တင်နိုင်ပြီး မဲခေါင်နိုင်ငံများအပါအဝင်နိုင်ငံတကာနှင့် ချိတ်ဆက်‌ဆောင်ရွက်နိုင်မည့် စီမံကိန်းတစ်ခုကို တရုတ်နိုင်ငံမှအကောင်အ‌ထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်။

 

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ပံ့ပိုးမှုဖြင့် “အမျိုးသားအဆင့် အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ ခိုင်မာအားကောင်းစေရေးနှင့် ထုတ်ကုန်များ၊ ထုတ်လုပ်မှုနည်းစဉ်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် အမျိုးသားအရည်အသွေးထောက်ခံချက်ထုတ်ပြန်ရေးစနစ် အကောင်အထည်ဖော်ရေး” စီမံကိန်း အကောင်အထည်ဖော်ဆောင်မည်ဟုဆိုသည်။

 

အဆိုပါ စီမံကိန်းစတင်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျင်းပခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှသံမှူး Ms. Qiao Li တက်ရောက်ခဲ့သည်။

 

အခမ်းအနားတွင်သံမှူး Ms. Qiao Liက "တရုတ်နိုင်ငံသည် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို စသည့် လန်ချန်း-မဲခေါင်နိုင်ငံများနှင့်အတူ စံချိန်စံညွှန်းနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားပြီး အရည်အသွေး စံချိန်စံညွှန်းစီမံခန့်ခွဲမှု အတွေ့အကြုံ လုပ်ထုံးလုပ်နည်းများကို မျှဝေသွားလိုကြောင်း၊

 

မဲခေါင်မြစ်တစ်လျှောက်နိုင်ငံများ၏ ထုတ်ကုန်များ၊ ထုတ်လုပ်မှုနည်းစဉ်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် အမျိုးသား အရည်အသွေး ထောက်ခံချက်ထုတ်ပြန်ရေးစနစ် အကောင် အထည်ဖော်ရေးနှင့် လူစွမ်းအားအရင်းအမြစ် ပျိုးထောင်မှုကို ကူညီသွားလိုကြောင်း၊ 

 

ကုန်ပစ္စည်းစံချိန်စံညွှန်းနှင့် အပြန်အလှန်ထောက်ခံမှုကို မြှင့်တင်ပြီး စံချိန်စံညွှန်းကဏ္ဍ အပြန်အလှန်ချိတ်ဆက်မှု အဆင့်အတန်းကို တိုးမြှင့်ကာ လန်ချန်း-မဲခေါင်နိုင်ငံများ ကုန်သွယ်ရေးအဆင်ပြေချောမွေ့စေရန် ပိုမိုကောင်းမွန်သည့် ပတ်ဝန်းကျင်ဖန်တီးသွားလိုကြောင်း"ထည့်သွင်းပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံဘက်မှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကျော်စွာတို့ကလည်း"အခုအကောင် အထည်ဖော်မည့် စီမံကိန်းသည် မြန်မာနိုင်ငံ အမျိုးသားအဆင့် အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ ခိုင်မာအားကောင်းစေရေးနှင့် မြန်မာနိုင်ငံ ထုတ်ကုန်များ၊ ထုတ်လုပ်မှုနည်းစဉ်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် အမျိုးသား အရည်အသွေးထောက်ခံချက် ထုတ်ပြန်သည့်စံချိန်စံညွှန်းများကို နိုင်ငံတကာနှင့်ချိတ်ဆက်ရန် ကူညီပံ့ပိုးပေးကာ ဒေသတွင်းနိုင်ငံများအကြား နည်းပညာဆိုင်ရာကုန်သွယ်ရေးအတားအဆီးများကို ဖယ်ရှားခြင်းဖြင့် ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်၍ မြင့်မားသောအရည်အသွေး စံချိန်စံညွှန်းဖြင့် စီမံကိန်းအား ကောင်းမွန်စွာဖော်ဆောင်သွားမည်ဖြစ်ကြောင်း" ပြောကြားခဲ့သည်။

 

စီမံကိန်းစတင်ခြင်း အခမ်းအနားကျင်းပပြီးနောက် “ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့် စက်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် စံချိန်စံညွှန်းနှင့် အရည်အသွေးဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်တွေ့ဆုံဆွေးနွေးခြင်းဖိုရမ်” ကိုကျင်းပခဲ့ကြောင်း သိရသည်။

 

#Local_News #မဲခေါင်နိုင်ငံ #အကောင်အထည်ဖော်နေ #tthl #Yangon_Times