Published 15 February 2024

  မြန်မာနေရှင်နယ်လိဂ်ကလပ် ရခိုင်ယူနိုက်တက်အသင်းသည်  မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း ကြည်လင်းကို ခေါ်ယူခဲ့ပြီဖြစ်ကြောင်း  ကြေညာခဲ့သည်။

ရာသီသစ်မစတင်ခင် ပြင်ဆင်မှုတွေ ပြုလုပ်မှုအနေဖြင့်ကစားသမားများအားခေါ်ယူနေခြင်းဖြစ်ရာ  ရခိုင်ယူနိုက်တက်အသင်းသည့် ယခုခေါ်ယူလိုက်သည့်  ကြည်လင်းအား ဖေဖော်ဝါရီ ၁၅ ရက်က စာချုပ်ချုပ်ဆို ခဲ့ပြီး အသင်း၏  လေ့ကျင့်ခန်း အစီအစဉ်များ၌  ပါဝင်နေပြီဖြစ်ကြောင်းသိရသည်။

ကစားသမား ကြည်လင်းသည် ရန်ကုန်ယူနိုက်တက်အသင်းနှင့် အတူ မြန်မာနေရှင်နယ်လိဂ်ဖလား ၃ ကြိမ် ရယူနိုင်ခဲ့ပြီးနောက် ၂၀၂၀ ခုနှစ် ဘောလုံးရာသီအပြီး၌ ကစားသမားဘဝမှ  အနားယူခဲ့ပြီး‌နောက် မကြာသေးခင်က အပျော်တမ်းပြိုင်ပွဲမှ  မြန်မာနေရှင်နယ်လိဂ်-၂ ကို တန်းတက်ရန်ယှဉ်ပြိုင်ခဲ့သည့်  ရန်ကုန်ဂလက်ဇီအသင်းတွင်  ပါဝင်ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ရာသီက မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင်  အဆင့် ၈ နေရာဖြင့်သာ ရာသီအဆုံးသတ်နိုင်ခဲ့သည့်  ရခိုင်ယူနိုက်တက် အသင်းသည် ယခုရာသီ ထိပ်တန်းအဆင့်၌  ရပ်တည်နိုင်ဖို့ ပစ်မှတ်ထားနေပြီး ယခုရာသီ၌  နာမည်ကြီး ပြည်တွင်း ကစားသမားများ အပါအဝင် နိုင်ငံခြားသား နည်းပြနှင့် နိုင်ငံခြား ကစားသမားများကိုပါ ခေါ်ယူထားကြောင်းသိရသည်။

ရခိုင်ယူနိုက်တက်အသင်းသည် မကြာသေးခင်ကလည်း  ရန်ကုန်ယူနိုက်တက်အသင်းဖော်ဟောင်း ကျော်ကိုကို ကိုခေါ်ယူထားကာ တိုက်စစ်မှူး ကောင်းစည်သူကိုလည်း ၁ နှစ် စာချုပ်ချုပ်ဆိုထားကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 15 February 2024
#YMG_News #Yangon_Times #Yangon_Media_Group