#Local_News
Published 7 February 2024

နိုင်ငံအတွင်းဖြစ်ပေါ်နေသည့်လက်နက်ကိုင်ပဋိပက္ခများသည်  နိုင်ငံပြိုကွဲပျက်စီးရေးနှင့် တိုင်းရင်းသားပြည်သူအားလုံး အတိဒုက္ခရောက်ရေးကိုသာ ဦးတည်နေသဖြင့် သက်ဆိုင်သူအားလုံးက မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် နိုင်ငံနှင့်ပြည်သူကို ကာကွယ်စောင့်ရှောက်ပေးကြရန် နစကဥက္ကဌ ကပြောကြားလိုက်သည်။

အထက်ပါပြောကြားချက်မှာ(၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ထည့်သွင်းပြောကြားထားခြင်းဖြစ်သည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် လူငယ်များအပါအဝင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် အသိပညာ၊ အတတ်ပညာနှင့် စဉ်းစားတွေးခေါ်နိုင်သည့် စွမ်းရည်များ ပြည့်စုံရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အခြေခံအုတ်မြစ်ဖြစ်သဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူနိုင်ရေး၊ အနည်းဆုံး အလယ်တန်းအဆင့် (KG+9) ပြီးမြောက်သည်အထိ သင်ယူနိုင်ရေး၊ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးစသည့် အသက်မွေးဝမ်းကျောင်းပညာများကို အထက်တန်းအဆင့်တွင် သင်ယူနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

အထူးသဖြင့် ကျေးလက်ဒေသများ၊ နယ်စပ်ဒေသများအပါအဝင် တိုင်းရင်းသားဒေသများတွင် ပညာသင်ယူနိုင်မှု အခွင့်အလမ်းနည်းပါးနေကြောင်းတွေ့ရကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်းလုံး ပညာရေးကဏ္ဍကို မြှင့်တင်ပေးလျက်ရှိ‌ကြောင်း၊လူငယ်များကို အသိပညာ၊ အတတ်ပညာနှင့်အတူ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့ရှိလာစေပြီး အမှန်နှင့်အမှား၊ အကောင်းနှင့်အဆိုးကို ခွဲခြားသိမြင်နိုင်စွမ်းရှိသည့် စွမ်းဆောင်ရည်မြင့်မားသော အနာဂတ်သားကောင်းရတနာများဖြစ်အောင် ပြုစုပျိုးထောင်ပေးရန်မှာ အရေး ကြီးသောအချက်ဖြစ်ပါကြောင်း၊ ထို့ကြောင့်လူငယ်များအား အနာဂတ်နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိသော မျိုးဆက်သစ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန်ကိုလည်း တိုက်တွန်းမှာကြား လိုကြောင်းဖော်ပြထားသည်။

ထို့အပြင် နိဂုံးချုပ်အားဖြင့် နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများ၊ တိုက်ခိုက်ဖျက်ဆီးမှုများအားလုံးသည် နိုင်ငံပြိုကွဲပျက်စီးရေးနှင့် တိုင်းရင်းသားပြည်သူအားလုံး အတိဒုက္ခရောက်ရေးကိုသာ ဦးတည်နေသဖြင့် သက်ဆိုင်သူအားလုံးက မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် နိုင်ငံနှင့်ပြည်သူကို ကာကွယ်စောင့်ရှောက်ပေးကြပါရန်၊ နိုင်ငံ၏အနာဂတ်ဖြစ်သော လူငယ်မျိုးဆက်သစ်များကို တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်လာအောင် ပြုစုပျိုးထောင်ပေးကြပါရန်နှင့် ရှမ်းပြည်နယ်တစ်ခုလုံး အေးချမ်းသာယာ၍ ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ကာ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားပါစေကြောင်း ဆန္ဒပြုတိုက်တွန်း‌ကြောင်း
သဝဏ်လွှာ၌‌ ဖော်ပြပါရှိကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 7 February 2024
#YMG #Yangon_Times #Yangon_Media_Group