#Local_News
Published_7February 2024

သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်ရင်း အသက်ဆုံးရှုံးခဲ့သည့် မြန်မာသင်္ဘောသားအတွက်လျော်ကြေး တောင်းခံရာမှာ  မြန်မာသင်္ဘောသားအတွက်သာမကကျန်ရစ်ခဲ့တဲ့ကလေး (၂) ယောက်အတွက်ပါလျော်ကြေးရရှိခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်(MSF)ရဲ့ကူညီဆောင်ရွက်ပေးမှုဖြင့် လျော်ကြေးငွေစုစု‌ပေါင်း (USD-51000) ရရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

မူလက သေဆုံးသင်္ဘောသား၏ရုပ်ကလာပ်အား မြန်မာနိုင်ငံသို့ ပြန်လည်သယ်ယူရမည်ဆိုပါက သယ်ယူစရိတ်အဖြစ်အမေရိကန်ဒေါ်လာကိုးသောင်း (USD-90,000) စိုက်ထုတ်ပေးရမည်ဖြစ်၍ ကျန်ရစ်သူမိသားစုမှာ အခက်အခဲတွေ့ခဲ့သည်။

အဖွဲ့ချုပ်အနေဖြင့် သင်္ဘောသားတစ်ဦး သင်္ဘောပေါ်တွင်တာဝန်ထမ်းဆောင်ရင်း အသက်သေဆုံးပါက အလုပ်ရှင်မှ အသုဘစရိတ်နှင့် မိသားစုမှအသုဘကျင်းပသည့်အခမ်းအနားသို့တက်ရောက်ခြင်းကုန်ကျစရိတ်များအားလည်းကောင်း၊ အကယ်၍ မိသားစုမှ မိမိနေရပ်တွင် ရိုးရာထုံးတန်းစဉ်လာအရ လုပ်ငန်းစဉ်ရှိပါက အလုပ်ရှင်ဖြစ်သည့် သင်္ဘောပိုင်ရှင်မှ ဂရုဏာကြေးပေးအပ်ရန်ရှိပါကြောင်း အကြံပြုခဲ့သည်ဟုဆိုသည်။

"ကွယ်လွန်သွားတဲ့ သင်္ဘောသားနာမည်က နေမင်းထွန်းပါ။ကျွန်မအမျိုးသားသင်္ဘောတက်ပြီးတစ်ပတ်အကြာမှာ သင်္ဘောပေါ်မှာ ကွယ်လွန်ခဲ့ပါတယ်။မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်(MSF)ရဲ့ကူညီဆောင်ရွက်မှုနဲ့ အမျိုးသားအတွက်သာမက ကျန်ရစ်သူကလေး‌တွေအတွက်ပါ ရရှိခဲ့ပါတယ်"ဟု ပြောကြားထားသည်။

မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်(MSF)အနေဖြင့် ကျန်ရစ်သူမိသားစုကိုသေဆုံးသင်္ဘောသားအတွက် အသက်အာမခံအမေရိကန်ဒေါ်လာသုံးသောင်း (USD-30,000) ၊ မိသားစုရှိ (၁၈) နှစ်အောက် ကလေး (၃) ဦးအတွက် တစ်ဦးလျှင် အမေရိကန်ဒေါ်လာခုနစ်ထောင် (USD-7,000) ၊ စုစုပေါင်းကလေး (၃) ဦးအတွက် ထောက်ပံ့ကြေး အမေရိကန်ဒေါ်လာနှစ်သောင်းတစ်ထောင် (USD-21,000) ခံစားခွင့်ရှိသောကြောင့် စုစုပေါင်းအမေရိကန်ဒေါ်လာငါးသောင်းတစ်ထောင် (USD-51,000) အားလျော်ကြေးအဖြစ် ရရှိမည်ဖြစ်ကြောင်း အကြံပြုခဲ့သည့်အတွက်  လျော်ကြေးငွေ ကန်ဒေါ်လာ51000ရရှိခဲ့ကြောင်း သိရသည်။

Yangon Times/tthl
#Local_News
#Published_ 7 February 2024
#YMG #Yangon_Times #Yangon_Media_Group