Published 7 February 2024
မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်း ရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေးဝင်း တနင်္သာရီလမ်း (ပ)ယာဉ်ရပ်နားကွင်းအတွင်းဖေဖေါ်ဝါရီ ၅ရက်က  မီးလောင်မှုကြောင့် ပျက်စီးခဲ့သည့် ကားဂိတ်အဆောက်အဦးများကို အမြန်ဆုံးပြုပြင်တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှသိရသည်။

အဆိုပါ မီးလောင်သည့်နေရာကို ရန်ကုန်ဒုတိယမြို့တော်ဝင် ဦးညီညီနှင့်အဖွဲ့သည် ဖေဖေါ်ဝါရီ ၆ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးပြီး မီးလောင်ပျက်စီးပြီး ကြွင်းကျန်ရစ်သည့် စွန့်ပစ်ပစ္စည်းများအမြန်သိမ်းဆည်း‌ရေးနှင့် ဂိတ်အဆောက်အဦးများ အမြန်ဆုံးပြန်လည်ပြုပြင်တည်ဆောက်ရန်မှာကြားခဲ့ကာ  လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်သည် ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်က ရွှေလင်းယုန်ဂိတ်အတွင်းရှိ Water Cooler အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းပြီး ၅ နာရီ ၄၈ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။

မီးလောင်မှုကြောင့် ရွှေလင်းယုန်ကားဂိတ်၊ သိန်းသန်းကျော်ကားဂိတ်၊ ရာဇာမင်းကားဂိတ်၊ ဝင်းကားဂိတ်နှင့် အောင်ကျော်ဇောကားဂိတ်တို့ မီးလောင်ကျွမ်းပြီး ရွှေလင်းယုန်ကားဂိတ်အတွင်း ညစောင့်အမျိုးသား (၃) ဦး သေဆုံးကြောင်း သိရသည်။

Yangon Times/LW
#Local_News
#Published_ 7 February 2024
#YMG #Yangon_Times #Yangon_Media_Group