Published 7 February 2024
မော်လမြိုင်မြို့ တွင် နှစ်ကျိတ်ရှစ်ဆူဘုရားပွဲ လှည့်လည်ပူဇော်ပွဲကို ယခုဖေဖေါ်ဝါရီလ တတိယအပတ်တွင် ပြန်လည် ပြုလုပ်မည်ဖြစ်ကြောင်း နှစ်ကျိတ်ရှစ်ဆူဘုရားလှည့်လည်ပူဇော်ပွဲ ကျင်းပရေးကော်မတီထံက သိရသည်။

နှစ်၁၀၀ကျော် သက်တမ်းရှိ အဆိုပါ လှည့်လည်အပူဇော်ခံပွဲကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ရာ ပြီးခဲ့သည့် ကိုဗစ်ကာလ က မှ ၃နှစ်ခန့် ရပ်နားခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်မှာပြန်လည်ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်းသိရသည်။

နှစ်ကျိတ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်မှုကိုဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းတွင် မြို့တွင်းသတ်မှတ်ထားသည့် လမ်းများအတိုင်း လေးရက်တာ လှည့်လည်အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လှည့်လည်အပူဇော်ခံမည့် မော်တော်ယာဉ်များ ပြင်ဆင်ခြင်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

မော်လမြိုင်မြို့၏ နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ပွဲကို ၁၉၁၆ ခုနှစ်တွင် ပန်းဘဲတန်းရပ်ကွက်မှစတင်ကာ ကုသလဝါယမအသင်းက ဦးဇိနစေတီတော်ကို ဘုရားမီးပူဇော်ရန် ရည်ရွယ်ချက်ဖြင့် စတင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကာလက  အထမ်းဖြင့် ဘုရားများကိုလှည့်လည်ပူဇော်ခဲ့ကြပြီး ၁၉၄၆ ခုနှစ်မှ စတင်ပြီး မော်လမြိုင်အမတ် သခင်သင်းလှိုင်တို့ ဦးစီးပြီး မြို့လုံးကျွတ်လှည့်လည်ပွဲအဖြစ် ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်ကြောင်းနှင့် နှစ်စဉ်တပို့တွဲလဆန်းကာလအတွင်း ကျင်းပလေ့ရှိကြောင်း သိရသည်။

Yangon Times/LW
#Local_News
#Published_ 7 February 2024
#YMG #Yangon_Times #Yangon_Media_Group