Published_6February 2024

အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့တွင်အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးအသင်း မိတ်ဆုံစားပွဲနှင့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးတွင် အောင်မြင်ထူးချွန်သည့် အမျိုးသမီးများအား ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

ဆုချီးမြှင့်ပွဲအခမ်းအနားကို ၄-၂-၂၀၂၄ ရက်နေ့၊ ၁၁:၀၀ နာရီမှ ၁၆:၀၀ နာရီအထိ မြန်မာသံရုံး၊ နယူးဒေလီမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို မြန်မာသံအမတ်ကြီးက အဖွင့်အမှာစကားပြောကြား၍  ဖွင့်လှစ်ခဲ့ရာတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု၊ နားလည်ယုံကြည်မှု၊ ကူးလူးဆက်သွယ်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးအသင်းအား မြန်မာသံရုံးမှ ဦးဆောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ အိန္ဒိယ- မြန်မာ ချစ်ကြည်ရေးအသင်း၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် ချစ်ကြည်ရေးအသင်းအဖွဲ့ဝင်များနှင့် မြန်မာသံရုံးမှ အနီးကပ်ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာသံရုံးမှ စီစဉ်သည့် လူမှုရေးပွဲများတွင် ဧည့်သည်တော်များအနေဖြင့် ယခုကဲ့သို့ စည်းစည်းလုံးလုံးဖြင့် စုရုံးရောက်ရှိလာကြသည့်အတွက် များစွာကျေနပ်အားရမိပြီး နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုအား ဖော်ကျူးပြသနေခြင်း ဖြစ်ပါကြောင်း  ပြောကြားခဲ့သည်။ 

အခမ်းအနား ဒုတိယပိုင်းတွင် လူမှုအကျိုးပြုလုပ်ငန်းများတွင် ပါဝင်သည့် အမျိုးသမီးများ၊ စွမ်းဆောင်ရည်ပြည့် အမျိုးသမီးများအား Women Prestige Awards 2024 ဆုများ ချီးမြှင့်ပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မိတ်ဖက်နိုင်ငံများမှ သံတမန်များ၊ အိန္ဒိယ-မြန်မာချစ်ကြည်ရေး အသင်းအဖွဲ့ဝင်များ၊ အိန္ဒိယစီးပွားရေး အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၊ မိတ်ဆွေများနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြကြောင်း၊ 
ဧည့်သည်တော်များကို အိန္ဒိယ အကအလှများ၊ တေးသံသာများ၊ အိန္ဒိယတူရိယာများဖြင့် တီးမှုတ်ဖျော်ဖြေကြခဲ့ကြပြီး နေ့လယ်စာဖြင့် တည့်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group