Published_ 6 February 2024

ရှမ်းပြည်နယ်တွင် 'သက်မွေးပညာသင်တန်းစင်တာ' ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး တိုင်းရင်းသားလူငယ်များ ကွန်ပျူတာသင်တန်းနှင့်ဆိုင်ကယ်စက်ပြင်သင်တန်းစသည့် သက်မွေးပညာသင်တန်းများတက်ရောက်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ'ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ'ကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေနှင့် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည်ဟုဆိုသည်။

(၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ အဆောက်အအုံဖွင့်ပွဲအခမ်းအနားကို တောင်ကြီးမြို့၌ကျင်းပခဲ့ပြီး နစကအဖွဲ့ဝင် ဒေါက်တာဘရွှေ၊ ခွန်စံလွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသံမှူးကြီး ဒေါက်တာကျန်းကျိဟုန်တို့က ကမ္ပည်းမော်ကွန်းကျောက်စာကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြ၍ အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် နစကအဖွဲ့ဝင် ဒေါက်တာဘရွှေက"သင်တန်းစင်တာတွင် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာနှင့် ယဉ်ကျေးမှုများဆွေးနွေးဖလှယ်ခြင်း၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန် ဆောင်ရွက်ခြင်း၊ တိုင်းရင်းသားများ၏ အသိပညာများမြှင့်တင်ပေးခြင်း၊ မျှဝေခြင်းစသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဆောင်ရွက်နိုင်ရန်နှင့် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားများအားလုံး လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုဖြစ်စေမည့် အသက်မွေးဝမ်းကျောင်းပညာ သင်တန်းများ၊ တိုင်းရင်းသားရိုးရာလက်မှုပညာ သင်တန်းများ စသည်တို့ကို ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်များဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း"ထည့်သွင်းပြောခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုင်းရင်းသားဒေသများတွင် လိုအပ်လျက်ရှိသည့် အသက်မွေးဝမ်းကျောင်းပညာ သင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊ ယခု ရှမ်းပြည်နယ်တွင် စင်တာအဆောက်အအုံကို တရားဝင်ဖွင့်လှစ်နိုင်ပြီဖြစ်သည့်အတွက် တိုင်းရင်းသားလူငယ်များအတွက် ကွန်ပျူတာသင်တန်း၊ မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်းနှင့် ဒေသနှင့် ကိုက်ညီသင့်မြတ်လျော်ကန်မည့် သက်မွေးပညာ ကာလတိုသင်တန်းများကို နှစ်စဉ်ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ ကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group