Published 5 February 2024

အမေရိကန်ဒေါ်လာ ၁၁ သန်း နှင့် ထိုင်းဘတ် သန်း ၂၀၀ ဗဟိုဘဏ် ယနေ့ထုတ်ရောင်းပေးခဲ့ကြောင်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဇန်နဝါရီ ၁ ရက်နေ့တွင် ဒေါ်လာ ၁၂.၉၃ သန်း၊ ၅ ရက်နေ့တွင် ဒေါ်လာ ၁၆ သန်း၊ ၁၅ ရက်နေ့တွင် ဒေါ်လာ ၁၅ သန်း၊ ၁၉ ရက်နေ့တွင် ဘတ်သန်း ၅၀၊ ၂၅ ရက်နေ့တွင်  ဒေါ်လာ ၉ သန်းနှင့် ဘတ်သန်း ၂၀၀၊ ၂၆ ရက်နေ့တွင်  ဒေါ်လာ ၅ သန်းနှင့် ဘတ်သန်း ၅၀ အသီးသီး ထုတ်ရောင်းပေးခဲ့ကြောင်းသိရသည်။

ဇန်နဝါရီ ၂၉ ရက်တွင်  နှစ်ကြိမ်တိုင် ထုတ်ရောင်းပေးခဲ့ပြီး မနက်ပိုင်းတွင်  ဒေါ်လာ ၉ သန်းနှင့် နေ့လည်ပိုင်းတွင်  ဒေါ်လာ ၁.၄ သန်း၊ တရုတ်ယွမ် ၄.၂ သန်းနှင့် ထိုင်းဘတ် ၁၃.၅ သန်းတို့ကို လူသုံးကုန်နှင့်  ဆေးဝါးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ဆက်သွယ်ရေးပိုင်ဆိုင်ရာ ကဏ္ဍများ အတွက် ရောင်းချပေးခဲ့ကြောင်း  ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။

ဗဟိုဘဏ်အနေဖြင့် ငွေကြေးဈေးကွက်အတွင်း နိုင်ငံခြားငွေ ထုတ်ရောင်းပေးခြင်းကို ၂၀၂၃ နှစ်ကုန်ပိုင်းတွင်  ပြန်လည်ဆောင်ရွက်လာခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၈ ရက်မှာ ဒေါ်လာ ၉.၇၂ သန်းနှင့် ၂၁ ရက်နေ့တွင်  ဒေါ်လာ ၁၂.၄၃ သန်းတို့ကို စက်သုံးဆီတင်သွင်းသည့်  ကုမ္ပဏီများအတွက် ရောင်းချပေးခဲ့ကြောင်းသိရသည်။

ထို့အပြင် ဗဟိုဘဏ်အနေဖြင့်  နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာငွေလဲနှုန်း မြင့်တက်မှုကို ထိန်းချုပ်လိုခြင်းကြောင့် ကန်ဒေါ်လာအပါအဝင် နိုင်ငံခြားငွေများကို အလုံးအရင်းဖြင့်  ထုတ်ရောင်းပေးနေခြင်းဖြစ်ကြောင်း  ၊လက်ရှိ ဗဟိုဘဏ်ပြင်ပ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၃၄၈၀ - ၃၅၃၀ ကျပ် ဈေးရှိနေပြီး နိုင်ငံခြားငွေထုတ်ရောင်းသည့်အတွက်  ဒေါ်လာဈေး ကျဆင်းလာတာမျိုးမရှိသော်လည်းဈေးအတက်အကျ တည်ငြိမ်နေကြောင်း ငွေလဲကောင်တာများနှင့်လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည် ။
Yangon Times/NN
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group