#Local_News
Published_ 30 January 2024

အရှေ့တောင်အာရှနိုင်ငံများ ပါဝင်ဆောင်ရွက်ကြသည့် နိုင်ငံတကာအဆင့်ပညာရည်တိုင်းတာစစ်ဆေးမှု SEA-PLM 2024 ကို မြန်မာနိုင်ငံ၌ ၂၀၂၄ ခုနှစ်အတွင်း စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

 

အရှေ့တောင်အာရှ မူလတန်းပညာသင်ယူတတ်မြောက်မှု တိုင်းတာစစ်ဆေးရေးစံ (Southeast Asia Primary Learning Metrics: SEA-PLM 2024) ဆိုသည်မှာ မူလတန်းအဆင့် နောက်ဆုံးနှစ် Grade-5 ကျောင်းသားများ၏ စာဖတ်စွမ်းရည် (Reading Skills)၊ အရေးစွမ်းရည် (Writing Skills)၊ သင်္ချာစွမ်းရည် (Mathematics Skills)၊ ကမ္ဘာ့သားကောင်းဖြစ်မှု (Global Citizenship) စွမ်းရည်များကို စစ်ဆေးတိုင်းတာနိုင်ရန်အတွက် အာဆီယံဒေသတွင်း ကျယ်ပြန့်သောပညာရည် စစ်ဆေးမှုတစ်ခုဖြစ်သည်ဟု ဆိုသည်။

 

ဇန်နဝါရီ(၃၀)ရက်တွင်‌ နေပြည်‌တော်၌ SEA-PLM 2019 အကြံပြု လုပ်ငန်းစဉ်များနှင့် SEA-PLM 2024 စစ်ဆေးအကဲဖြတ်မှု လုပ်ငန်းစဉ်များဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပြီး အခမ်းအနားတွင်ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က "၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် Grade–5 ကျောင်းသား ၁၇၄၄ ဦးကို စာဖတ်စွမ်းရည်၊ သင်္ချာစွမ်းရည်၊ ကမ္ဘာ့သားကောင်းဖြစ်မှုတို ပါဝင်သော Text Booklets များ၊ မိဘစစ်တမ်းလွှာ (Parents Questionnaires) နှင့် ကျောင်းသားစစ်တမ်းလွှာ (Student Questionnaires) တို့ဖြင့် စမ်းသပ်စစ်ဆေးမှုဆောင်ရွက်ခဲ့ပါကြောင်း၊ SEA-PLM 2024 ပင်မစစ်ဆေးမှု (Main Survey)၏ အချက်အလက်ကောက်ခံခြင်းလုပ်ငန်းကို လာမည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စစ်ဆေးအကဲဖြတ်မှု သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ရှိရသည့်တွေ့ရှိချက်များအပေါ် အခြေခံပြီး ပညာရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြုပြင်ပြောင်းလဲရေးမူဝါဒ၊ လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း "ပြောကြားခဲ့သည်။

 

#Local_News #နိုင်ငံတကာအဆင့် #အရှေ့တောင်အာရှနိုင်ငံ #tthl #Yangon_Times