#Local_News
Published 29 January 2024

နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ မကြာသေးမီက ဗုဒ္ဓဥယျာဉ်ဝတ္တုကံတော်တွင် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားပူဇော်ထားသည့်အတွက် ဘုရားဖူးခရီးသွား လုပ်ငန်းအတွက် ဆွဲဆောင်မှုရှိသော ခရီးစဉ်ဒေသတစ်ခုအဖြစ်ဖော်ဆောင်နိုင်မည်ဖြစ်သောကြောင့် ဟိုတယ်နှင့်ခရီးသွားအသင်းအဖွဲ့များ၊ ခရီးသွားကုမ္ပဏီများအနေနှင့် နိုင်ငံတကာခရီးသွား ဧည့်သည်များအတွက် ပြည်တွင်း၌သွားရောက်လည်ပတ်သော ခရီးစဉ်များရေးဆွဲရာတွင် ခရီးစဉ် ဒေသတစ်ခုအဖြစ် ထည့်သွင်းရေးဆွဲရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးကပြောကြားသည်။

 

အဆိုပါ ပြောကြားမှုကို ဇန်နဝါရီ ၂၆ ရက်က ပြုလုပ်သည့်နေပြည်တော်ကောင်စီနယ်မြေအတွင်း တည်ထားကိုးကွယ်သော မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအပါအဝင် နေပြည်တော်ရှိ ခရီးစဉ်ဒေသများသို့ ပြည်တွင်း/ပြည်ပခရီးသွား ဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည်  ဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများ၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်း (နေပြည်တော်ဇုန်)၊ နေပြည်တော်ခရီးသွားလုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဌများ၊ အတွင်းရေးမှူးများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ခရီးသွားကုမ္ပဏီများမှ လုပ်ငန်းရှင်များ၊ တာဝန်ရှိ သူများအား တွေ့ဆုံရာတွင် ပြောကြားခြင်းဖြစ်သည်။

 

စာရင်းဇယားများအရ ၂၀၂၃ ခုနှစ်တွင် နေပြည်တော်ရှိ ခရီးသွားဆွဲဆောင်ရာ (၃၈) နေရာ သို့ ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်ကြသည်ကို တွေ့ရှိရကြောင်း သိရသည်။

 

နေပြည်တော်အနေဖြင့်လမ်းပန်းဆက်သွယ်ရေး၊ တည်းခိုနေထိုင်ရေးနှင့် ခရီးသွားအဆောက် အအုံများရှိနှင့်ပြီးဖြစ်သည့်အတွက် ပြည်တွင်း/ ပြည်ပခရီးသွားဈေးကွက်ရရှိရေးအတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုပါကြောင်း ဒုဝန်ကြီးကဆက်လက်ပြောကြားသည်။

 

တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအနေဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအပါအဝင် နေပြည်တော်ရှိ ခရီးစဉ်ဒေသများသို့ ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေးအတွက် ဆောင်ရွက်သွားသင့်သည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြပေးကြကြောင်း သိရသည်။

 

#Local_News #မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး #YMG/LW #Yangon_Times