Published 28 January 2024

မန္တလေးမြို့၌ တောင်သမန် မယ်ဇယ်လွင်ပြင်အလှ ဓါတ်ပုံပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ရာ ပြိုင်ပွဲဝင်ဓာတ်ပုံများကို ဇန်နဝါရီ၂၉ရက်နေ့နောက်ဆုံးထားပေးပို့ရမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။

အဆိုပါပြိုင်ပွဲကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ဦးစီးပြီး ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲဝင်ဓါတ်ပုံများကိုဇန်နဝါရီလ(၂၉) ရက်နေ့ မနက်(၁၀)နာရီမှ ညနေ (၄)နာရီအတွင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန၊ ဌာနမှူးရုံးခန်းသို့ ပေးပို့ရမည်ဖြစ်ပြီး ဓါတ်ပုံဆု ရွေးချယ်ခြင်းကို ဇန်နဝါရီလ(၃၀)ရက်နေ့ တွင် ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

ပြိုင်ပွဲဝင်သူများအနေဖြင့်ကိုယ်တိုင် ရိုက်ကူးထားသော ဓာတ်ပုံများကိုသာ တာဝန်ယူယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အရှုပ်အရှင်း ပြဿနာပေါ်လာပါက ပြိုင်ပွဲဝင်သူက တာဝန်ယူဖြေရှင်းရမည်ဖြစ်ကာ ပေးအပ်ထားသောဆုကို ပြန်လည်ရုပ်သိမ်းမည်ဖြစ်သည့်အပြင် ပုံဟောင်းများ ပါဝင်ယှဉ်ပြိုင်ခွင့်မပြုကြောင်းကော်မတီမှ ထုတ်ပြန်ထားသည်။

ပြိုင်ပွဲဝင်တစ်ဉီးလျင် ၁၀ လက်မ၊ ၁၄ လက်မအရွယ်ရောင်စုံဓာတ်ပုံ (၄) ပုံ အထိ တင်သွင်းယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင်အမည်တစ်ခုထက် ပိုပြီးမယှဉ်ပြိုင်ကြရန်နှင့် ယှဉ်ပြိုင်သည်ကိုတွေ့ရှိပါက ဆုစာရင်းမှ ပယ်ဖျက်မည်ဖြစ်ကြောင်း၊ပြိုင်ပွဲဝင်ဓာတ်ပုံများသည် Digital DSLR နှင့် Mirrarless ကင်မရာများဖြင့် ရိုက်ကူးယှဉ်ပြိုင်ခွင့်ပြုပြီး ပြိုင်ပွဲဝင်ရိုက်ကူးထားသော မူရင်းဖိုင်ကို CD ဖြင့် တင်ပြရမည်ဖြစ်သည်။

တောင်သမန်အင်းနှင့်မယ်ဇယ်တန်းသည် ခေတ်အဆက်ဆက်၏ သမိုင်းဝင်နေရာတခုဖြစ်သကဲ့သို့ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာကပါအထင်ကရနှင့်စိတ်ဝင်စားကြသည့်အတွက်တောင်သမန်မယ်ဇယ်လွင်ပြင် ဓါတ်ပုံပြိုင်ပွဲမှ တဆင့် ကမ္ဘာတဝှမ်းကပါသိရှိစေလိုသည့်ရည်ရွယ်ချက်ဖြင့် ဓါတ်ပုံပြိုင်ပွဲကျင်းပပေးတာဖြစ်ကြောင်းသိရသည်။

ယခုအခါ တောင်သမန်အင်းနှင့် မယ်ဇယ်တန်းတွင် ဓါတ်ပုံပြိုင်ပွဲဝင်မည့်သူများက ကြိုတင်ပြင်ဆင် ရိုက်ကူးလျက်ရှိပြီးပြိုင်ပွဲတွင်ဆုရရှိသူများကို ဆုများထိုက်တန်စွာချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 28 January 2024
#YMG #Yangon_Times #Yangon_Media_Group