Published 27 January 2024

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင်  Special Rupee Vostro Account (SRVA) ကို အသုံးပြုပြီး ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်ကို လာမယ့် ဖေဖော်ဝါရီလမှာ စတင်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားသည်။

  မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဦးဆောင်မှုဖြင့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် Special Rupee Vostro Account (SRVA)ကို အသုံးပြု၍ ရူပီး/ကျပ်ဖြင့် တိုက်ရိုက်ငွေပေးချေမှုလုပ်ငန်း စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် Rupee/ Kyat Trade Settlement Mechanism အား ရှင်းလင်းတင်ပြခြင်းဆိုင်ရာ အစည်းအဝေးကို ဇန်နဝါရီ ၂၆ရက် ညနေ ၄ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၌ ကျင်းပခဲ့ရာတွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

  ယခုကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းအားဖြင့် အိန္ဒိယနိုင်ငံမှ အဓိက တင်သွင်းနေသည့် ဆေးဝါးနှင့် ကုန်စည်များအတွက် ပေးချေရသည့် အမေရိကန်ဒေါ်လာလိုအပ်ချက် လျော့နည်းသွားခြင်း၊ ကုန်သွယ်မှုအတွက် ငွေပေးချေမှု ပိုမိုလွယ်ကူစေခြင်း၊ ကုန်စည်စီးဆင်းမှု ပိုမိုအားကောင်းလာပြီး ထင်သာမြင်သာ ရှိလာစေခြင်း၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်လာစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်းယင်းကဆက်လက် ပြောကြားသည်။

 ရူပီး/ကျပ် ပေးချေမှုအတွက် ဆောင်ရွက်ခွင့်ပြုထားသည့်ဘဏ် (Designated Bank) များဖြစ်သည့် ယူအေဘီဘဏ်လီမိတက်နှင့် CB Bank PCL နှင့် Punjab National Bank တို့ဖြစ်ကြောင်း သိရသည်။

  အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့် မြန်မာ့စီးပွားရေးဘဏ်တို့မှ အဆင့်မြင့်အရာထမ်းများ၊ ရူပီး/ကျပ် ပေးချေမှုဆိုင်ရာလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ဆောင်ရွက်ခွင့်ပြုထားသည့်ဘဏ် (Designated Bank) တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 27 January 2024
#YMG #Yangon_Times #Yangon_Media_Group