Published 26 January 2024

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်မှာ အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရေးစီမံကိန်း အပိုင်း (၁)အားလာမည့်ဇူလိုင်လအတွင်းအပြီးသတ်တည်ဆောက်သွားရန် မျှော်မှန်းထားကြောင်း အောင်လံမြို့နယ် စည်ပင်သာယာ
ရေးအဖွဲ့မှ သိရသည်။

အဆိုပါ အဝေးပြေးယာဉ်ရပ်နားစခန်းအား အောင်လံမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပိုင်း ၃ ပိုင်း ခွဲ၍ တည်ဆောက်နေခြင်းဖြစ်ကာ ယာဉ်ရပ်နားစခန်းအတွင်း Express အဝေးပြေးကားကြီးဂိတ် ၁၆ ခန်း၊ ကားလေးဂိတ် ၁၀ ခန်း၊ ကုန်တင်ကားဂိတ် ၅ ခန်း၊ ဈေးဆိုင်ခန်း ၅၆ ခန်း၊ စားသောက်ဆိုင်ခန်း ၁၈ ခန်းနှင့် ပွဲရုံနေရာ ၂၁ ခန်း၊ စုစုပေါင်း ၁၂၆ ခန်း ပါဝင်ပြီး ကနဦးအနေဖြင့် စီမံကိန်းအပိုင်း ၁ တွင် စုစုပေါင်းအခန်း ၃၆ ခန်းကို တည်ဆောက်‌နေကြောင်းသိရသည်။

အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရေးစီမံကိန်း အပိုင်း (၁) ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်မှစတင်ပြီး မြေဧရိယာ ၁၀.၀၄ ဧကပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများလုပ်ဆောင်လျှက်ရှိရာ လက်ရှိတွင် ၂၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ယခုနှစ် ဇူလိုင်လမကုန်မီ အပြီးတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကျန်ရှိသည့် စီမံကိန်းအပိုင်း ၂ နှင့် အပိုင်း ၃ တို့ကိုလည်း လာမည့် သုံး နှစ်အတွင်း အပြီးတည်ဆောက်နိုင်ရန် အောင်လံမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မျှော်မှန်းထားကြောင်းသိရသည်။

အဆိုပါစီမံကိန်းအားအောင်လံမြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုနှင့် ယာဉ်အန္တရာယ်ဖြစ်ပွားမှုများ လျှော့ချနိုင်စေရန်၊ အဝေးပြေးယာဉ်ကြီး၊ ယာဉ်များ စနစ်တကျ ဝင်ထွက်သွားလာနိုင်စေရန်၊ ကူးသန်းရောင်းဝယ်မှုနှင့်ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်စေရန်၊ ဒေသခံပြည်သူများအတွက် စီးပွားရေးအခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်တည်ဆောက်နေခြင်းဖြစ်ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 26 January 2024
#YMG #Yangon_Times #Yangon_Media_Group