#Local_News
Published 21 January 2024


ပုသိမ် - ချောင်းသာ၊ ပုသိမ်-ငွေဆောင်လမ်းကြောင်းပေါ်ရှိ ဘေလီတံတားအားနှင့် ရန်ကုန် - ပုသိမ်လမ်းကြောင်းအား အဆင့်မြှင့်တင်မှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါတယ်။

 

ဇန်နဝါရီ ၂၀ ရက်က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့ရောက်ရှိနေတဲ့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က မြို့မိမြို့ဖများနှင့်တွေ့ဆုံစဉ် ယင်းတို့၏တင်ပြချက်များအပေါ် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားရာတွင် ရေရှည်စီမံချက်များချမှတ်၍ နှစ်အလိုက်ခွင့်ပြုဘတ်ဂျက်များဖြင့် စီမံဆောင်ရွက်ပေးသွားမယ်လို့ ကတိပေး ပြောကြားခဲ့တာဖြစ်တဲ့အကြောင်း သတင်းထုတ်ပြန်ချက်များမှာ ဖော်ပြထားပါတယ်။

 

ဗိုလ်ချုပ်မှူးကြီးနှင့်တွေ့ဆုံရာတွင် ဒေသခံများက ပုသိမ် - ချောင်းသာနှင့် ပုသိမ် - ငွေဆောင်တို့အား ဆက်သွယ်ထားရှိသည့် လမ်းကြောင်းများပေါ်ရှိ ဘေလီတံတားနှစ်စင်းကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေဖို့၊ ရန်ကုန် - ပုသိမ်ကားလမ်း အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေဖို့နှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုများ ပိုမိုလျင်မြန်ချောမွေ့စေရေးအတွက် ပုသိမ်မြို့အဝင်၌ အဆင့်မြင့်ကုန်စည်ကားဝင်းတစ်ခု ဆောင်ရွက်ပေးဖို့ တင်ပြခဲ့ကြတာဖြစ်ပါတယ်။

 

ဗိုလ်ချုပ်မှူးကြီးက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုသိမ်လေဆိပ်ကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နိုင်ငံတကာမှ လေယာဉ်များဆင်းသက်နိုင်သည်အထိ ဆောင်ရွက်ပေးနိုင်ရေး စီမံလျက်ရှိကြောင်းပြောကြားခဲ့ပါတယ်။

 

ဒေသတွင်းခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်သွယ်ရေးလမ်းကြောင်းများကို အဆင့်မြှင့်တင် ပေးသွားမည်ဖြစ်သဖြင့် လမ်းကြောင်းများပေါ်ရှိ မြို့ရွာများ စနစ်ကျနမှုရှိစေရေး၊ သန့်ရှင်းသာယာလှပရေးကို ဆောင်ရွက်ကြရန်လိုပြီး မြို့ပြစီမံကိန်းများအနေဖြင့် စနစ်ကျနရန် လိုအပ်မယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက မှာကြားပါတယ်။

 

ဗိုလ်ချုပ်မှူးကြီးနှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့နယ်အတွင်းရှိ ပုသိမ်လေဆိပ်အဆင့်မြှင့်တင် ဆောင်ရွက် နေသည့်လုပ်ငန်းများ၊လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းများနှင့် တံတားများ၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုများ၊ ဧရာဝတီအပြည်ပြည်ဆိုင်ရာ စက်မှုဆိပ်ကမ်းနှင့် စက်မှုဇုန်များအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 

#Local_News #ပုသိမ်-ချောင်းသာ #ရန်ကုန်-ပုသိမ်လမ်းကိုအဆင့်မြှင့်မည် #-ymg/knl