Published_12 January 2024

မောင်နှမချင်း၊ သားအမိချင်း အတူကြည့်ရန်မသင့်လျော်သည့် ညစ်ညမ်း‌သော တေးသီချင်း၊ ဗီဒီယိုများရိုက်ကူးထုတ်လွှင့်ခြင်းများနှင့် ပတ်သက်၍ သတိ ပေးတားမြစ်ချက်တစ်ခု ပြန်ကြားရေးဝန်ကြီးဌာနမှထုတ်ပြန်လိုက်ပြီဖြစ်ပြီး မလိုက်နာသူများကို တည်ဆဲဥပ‌ဒေဖြင့်အရေးယူတော့မည်ဖြစ်ကြောင်း သိရသည်။

ထုတ်ပြန်ချက်တွင် အချို့သော တေးသီချင်းဗီဒီယိုရိုက်ကူးထုတ်လွှင့်သူများသည် ထင်ပေါ်ကျော်ကြားမှု ရရှိစေရန်အတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်း အတူကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိသြတ္တပ္ပတရားကင်းမဲ့သော တေးသီချင်းဗီဒီယိုများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရိုက်ကူးထုတ်လွှင့်နေကြသည်ကို တွေ့ရှိရကြောင်း၊

သို့ဖြစ်ပါ၍ လူမှုကွန်ရက်စာမျက်နှာများအပါအဝင် မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်သော၊ ညစ်ညမ်းသော အပြောအဆို၊ အပြုအမူများ ပါဝင်သည့်ရိုက်ကူးထုတ်လွှင့် ဖော်ပြမှုများနှင့် ပတ်သက်၍ ထုတ်လုပ်သူ ၊ စီစဉ်ရိုက်ကူးသူ ၊ သရုပ်ဆောင်သူများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတိပေးကြေညာအပ်ကြောင်း ဖော်ပြထားသည်။

ပြန်ကြားရေးဝန်ကြီးဌာနသည် ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လွှင့်ပြသရေးနှင့် ပတ်သက်၍ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့်အညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းနှင့်သက်ဆိုင် ရာအလိုက်ဖွဲ့စည်းထားသော အစည်းအရုံးများကလည်း လိုအပ်သလို ထိန်းကျောင်း တည့်မတ်ပေးနိုင်ရန် အသိပေးအပ်ခြင်းဖြစ်‌ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။
Yangon Times/tthl
#Local_News
#Published_ 13 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News