#Local_News
Published 8 January 2024


ရန်ကုန်မြို့တွင်း ပြေးဆွဲဝန်ဆောင်မှုပေးနေသည့် စီးတီးတက္ကစီအငှားယာဉ်များနှင့် နယ်တက္ကစီအငှားယာဉ်များတွင်ဘေးအဝါရောင်လိုင်း စတေကာများ မတပ်ဆင်ပါက ပညာပေးကာလကျော်လွန်ပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ ဒဏ်ကြေးငွေသတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က သိရသည်။

 

အဆိုပါ တက္ကစီအငှားယာဉ်များတွင် ဘေးနှစ်ဖက်အဝါရောင်စတေကာများ တပ်ဆင်ရန် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၂ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး ပညာပေးကာလအဖြစ် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ သတ်မှတ်ပေးထားသည်။

 

လက်ရှိစီးတီးတက္ကစီယာဉ်များ နည်းတူရန်ကုန်မြိုတွင်း၌ ပဲခူးနှင့် ဧရာဝတီ၊ တိုင်းဒေသကြီး မွန်နှင့် ကရင်ပြည်နယ်တို့မှ နယ်တက္ကစီအငှား ယာဉ်များမောင်းနှင်မှုများကို တွေ့ရှိနေရသောကြောင့် ၎င်းတို့ကိုလည်းဘေးနှစ်ဖက်ဘေးအဝါရောင်စတေကာ တပ်ဆင်ရန်ညွှန်ကြားထားကြောင်း YRTC မှ သိရသည်။

 

အထက်ပါ ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် နယ်လိုင်စင် တက္ကစီယာဉ်များအနေဖြင့် ပညာပေးကာလကျော်လွန်ပြီး အဝါရောင်လိုင်း စတေကာမတပ် ဆင်ထားပါက ဒဏ်ကြေးငွေအပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ဘီးခွန်ပါ ကောက်ခံသွား မည်ဖြစ်သည်။

 

YRTC အနေဖြင့်၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့အထိစာရင်းများအရ ဘေး အဝါရောင် လိုင်းစတေကာတပ်ဆင် ပြီးစီးမှု ၇၅ ရာခိုင်နှုန်း၊ ခန့်မှန်းအစီး ရေ ၄၂၀၀၀ ခန့် တပ်ဆင်ပြီးစီးကြောင်းသိရပြီး လက်ရှိတွင် စီးတီးတက္ကစီယာဉ်အဖြစ် မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေ ၅၈,၄၈၁ စီးရှိရာ YRTC တွင် မှတ်ပုံတင်ထားသည့် စီးတီးတက္ကစီ ၅၅,၂၂၇ စီးရှိကြောင်း သိရသည်။ 

 

#Local_News #အဝါရောင်လိုင်းစတေကာ #ဒဏ်ကြေးကောက်မည်  #YMG/LW #Yangon_Times