Published_4 Jan 2024

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့် အပ်နှင်းခြင်းအခမ်းအနားကို ယနေ့ ဇန်နဝါရီ လ ၄ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သဘင်ဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အတွက် ထူးကဲသာလွန်စွာအကျိုးပြုခဲ့ကြ သူများကို ဂုဏ်ပြုချီးမြှင့်နိုင်ရန်အတွက် ယခုအခမ်းအနား ကို ကျင်းပရခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က ယင်းအခမ်းအနားတွင်ပြောသည်။

အခမ်းအနား တွင် သရေစည်သူဘွဲ့ (၉) ဦး၊ စည်သူဘွဲ့ (၅) ဦး၊ သူရဘွဲ့ (၆) ဦး၊ သီရိပျံချီဘွဲ့ (၄၂)ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ (၈၃) ဦး၊ အလင်္ကာကျော်စွာဘွဲ့(၄)ဦး၊ သိပ္ပကျော်စွာ ဘွဲ့(၄)ဦး၊စုစုပေါင်း(၁၅၃)ဦးကို သက်ဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များချီးမြှင့် အပ်နှင်းခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ဂုဏ်ပြုချီးမြှင့်ခြင်းခံရသည့်အတွက် ဘွဲ့ခံပုဂ္ဂိုလ်များ အနေဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်သကဲ့သို့ ဘွဲ့ခံပုဂ္ဂိုလ်များအတွက် သာမက သက်ဆိုင်ရာ မိသားစုဝင်များအတွက်လည်း သားစဉ်မြေးဆက် ဂုဏ်ယူ ဝင့်ကြွားစရာ အထိမ်းအမှတ် သင်္ကေတများအဖြစ်ဖြင့် ဆက်လက်တည်ရှိနေကြမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က ပြည်ထောင်စု စည်သူသင်္ဂဟဘွဲ့များဖြစ်ကြသည့် သရေစည်သူဘွဲ့ရရှိသူ ၄ ဦးနှင့် စည်သူဘွဲ့ရရှိသူ ၃ ဦး၊ တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာဘွဲ့ဖြစ်သည့် သူရဘွဲ့ရရှိသူ ၆ ဦး၊ စွမ်းဆောင် မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များဖြစ်ကြသည့် သီရိပျံချီဘွဲ့ရရှိသူ ၁၆ ဦးနှင့် ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ ၅၈ ဦး၊ အလင်္ကာ ကျော်စွာဘွဲ့ရရှိသူ ၃ ဦးနှင့် သိပ္ပကျော်စွာဘွဲ့ရရှိသူများအား လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရ သည်။
Yangon_Times/PP
#Local_News
Published 04 January 2024
#Yangon_Times #YMG_News #Yangon_Media_Group