Published 16 December 2023

ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ်အနီး ယနေ့ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့ညပိုင်း(၁၁)နာရီခန့်တွင် အင်အားရစ်(ခ်)တာစကေး (၃.၄) အဆင့်ရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန(မြေငလျင်ဌာနခွဲ)မှသိရသည်။

အဆိုပါမြေငလျင်လှုပ်ခတ်မှုကို ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်အချို့အပြင် ဧရာဝတီတိုင်းအတွင်းရှိ ဒေးဒရဲ၊ဖျာပုံနှင့်မအူပင်ပါသက်ရောက်လှုပ်ခတ်မှုရှိဟုဒေသခံများကဖော်ပြထားသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန(မြေငလျင်ဌာနခွဲ)၏ထုတ်ပြန်ချက်တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃)နာရီ၊ (၀၀)မိနစ်၊ (၀၈)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် (၁၆) မိုင် ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (တွံတေးမြို့၏ မြောက်-အနောက်မြောက်ဘက် (၆)မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၆.၇၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၁) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၄) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိကြောင်းထုတ်ပြန်ထားကြောင်း သိရသည်။

၂၀၂၃ခုနှစ်အတွင်းရန်ကုန်တိုင်း၊မန္တလေးတိုင်း၊ဧရာဝတီတိုင်း၊စစ်ကိုင်းတိုင်း၊ပဲခူးတိုင်းတို့တွင်မြေငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်မှုများရှိခဲ့ပြီး တစ်ကျော့ပြန်ငလျင်ကြီးများလှုပ်ခတ်နိုင်သဖြင့်အဆောက်အဦးများကြိုတင် ပြင်ဆင်ထားသင့်ကြောင်း မြေငလျင်ပညာရှင်များမှအသိပေးထားကြောင်း သိရသည်။
Yangon-Times/tthl
#Local_News
#Published 16 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group