Published_ 15 December 2023

အမေရိကန်-အာဆီယံစင်တာ ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၄ ရက်တွင် အရီဇိုနားတက္ကသိုလ်၊ ဝါရှင်တန်ဒီစီ ကျောင်းခွဲ၌ ကျင်းပခဲ့ရာ ယင်းအခမ်းအနားသို့ မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးသက်ဝင်းနှင့် တာဝန်ရှိသူ များသည် အခြားအာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် အတူ တက်ရောက်ခဲ့ကြပါတယ်။

အဆိုပါအခမ်းအနားတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ဌာန၊ နိုင်ငံစုံရေးရာရုံးမှ ညွှန်ကြားရေးမှူး Ms. Holly Lindquist Thomas က အဖွင့်အမှာစကား ပြောကြားကာ အမေရိကန်-အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေး တာဝန်ယူသည့် အင်ဒိုနီးရှားနိုင်ငံ၏ သံရုံး ယာယီတာဝန်ခံ Mr. Ida Bagus Made Bimantara၊ အရီဇိုနားတက္ကသိုလ်မှ ဒုတိယဥက္ကဋ္ဌ Dr. Christopher B. Howard ၊ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီဝင် Ms. Tammy Duckworth ၊ တက္ကဆက်ပြည်နယ် အောက်လွှတ်တော်အမတ် Mr. Joaquin Castro ၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ လက်ထောက်ဒုတိယဝန်ကြီး Ms. Elizabeth M. Allen တို့က အမှာစကားများပြောကြား ခဲ့ကြပါတယ်။

ထိုသို့ အမှာစကားများပြောကြားကြရာတွင် ၂၀၂၃ ခုနှစ်၊ အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး၌ အမေရိကန်ဒုတိယသမ္မတ Mrs. Kamala Harris သည် အစိုးရ-ပုဂ္ဂလိက မိတ်ဖက်ဆက်ဆံရေးကို အားပေးသည့် အနေဖြင့် ဝါရှင်တန်ဒီစီ၌ အမေရိကန်-အာဆီယံ စင်တာတစ်ခု တည်ထောင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

ယင်းစင်တာသည် အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုအဖြစ် အရှေ့တောင် အာရှနိုင်ငံများနှင့် အမေရိကန် နိုင်ငံတို့အကြား ထိတွေ့ဆက်ဆံမှုတွင် အချက်အချာ ကျသည့်ကဏ္ဍမှ ဆောင်ရွက်သွားမှာဖြစ်ပြီး အရှေ့တောင်အာရှနှင့် အမေရိကန်အကြား၏ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ထိတွေ့ဆက်ဆံမှုကို ပိုမိုတိုးမြှင့်စေရန်၊ အဓိက ပုဂ္ဂလိကကဏ္ဍ အဖွဲ့အစည်းများအကြား ချိတ်ဆက်နိုင်ရေး တို့အတွက် ဆောင်ရွက်သွား မယ်လို့ ဆိုပါတယ်။

ယခု ပူးတွဲဆောင်ရွက်တဲ့ အရီဇိုနားတက္ကသိုလ်သည် အာဆီယံဒေသတွင်း နိုင်ငံ အချို့နှင့် အစောပိုင်းကာလ ကတည်းက အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံ စီမံကိန်းများကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက် ရေး အမေရိကန် အေဂျင်စီနှင့် အမေရိကန် စက်မှုလုပ်ငန်းများနှင့် မိတ်ဖက်ပြု ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည့်တက္ကသိုလ်ဖြစ်ပါတယ်။
ymg_mnn
#Published_ 15 December 2023
#YMG #Yangon_Times #YMG_News
#Yangon_Media_Group