Published 13  December 2023

    ကျောက်တံခါးမြို့နယ်အတွင်း မန္တလေး-ရန်ကုန် လူစီးရထား ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ ကာ လူထိခိုက်မှု မရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့ဒီဇင်ဘာလ ၁၂ ရက် ညနေ ၅ နာရီခန့်တွင် မန္တလေးဘူတာမှ ရန်ကုန်သို့ ထွက်ခွာလာသည့် စက်ခေါင်းမောင်း ဦးခင်မောင်သန်း မောင်းနှင်လာသည့် စက်ခေါင်းအမှတ် DF/2083 ၊ လူစီးရထားသည် ကျောက်တံခါးမြို့ အရှေ့တောင်ဘက် မီတာ ၇၅၀၀ ခန့်အကွာ ရထားလမ်း ကြေးနန်းမိုင်တိုင်အမှတ် ၁၀၃ မိုင် ၂၄ ဖာလုံနှင့် ၁၀၄ မိုင် ၁ ဖာလုံ သို့ ဒီဇင်ဘာလ ၁၃ ရက် နံနက် ၃ နာရီ ၄၅ မိနစ်ခန့် တွင် ရောက်ရှိစဉ် KNLA နှင့် PDF တို့က ရထား လမ်းဘေး ဘယ် ညာမှ ရီမုမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းကြောင့်ရထားစက် ခေါင်းတွဲနှင့် ရထားတွဲ ၂ တွဲ လမ်းချော်မှုဖြစ်ပွားခဲ့ကြောင်း၊ သို့သော်လည်း ရထားပေါ်တွင် လိုက်ပါလာသော မီးရထားဝန်ထမ်းများနှင့်ခရီးသည်များ ထိခိုက်ဒဏ်ရရှိမှု မရှိကြောင်း၊ ရထားသံလမ်းများနှင့် ဇလီဖားတုံးများ ပြတ်တောက်ပျက်စီးခဲ့ကြောင်းသိရသည်။

    မီးရထားလမ်း ပျက်စီးခဲ့သည့်နေရာအား သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးအတွက် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
Yangon-Times/LW
#Local_News
#Published 13 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group