#Local_News
Published 05 December 2023


ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ လွိုင်မွေဒေသတွင်သုံးကြိမ်မြောက် ချယ်ရီပန်းပွဲတော် ကျင်းပမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

 

အဆိုပါ ချယ်ရီပန်းပွဲတော်ကို ၂၀၂၂ ခုနှစ်တွင် စတင်ကျင်းပလာခဲ့ရာ ယခုအကြိမ်မှာ ၃ ကြိမ်မြောက်ဖြစ်ပြီး လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် ငါးရက်ကြာကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

'ချယ်ရီပန်းပွင့်ချိန် စုံတဲ့အနေအထားပေါ်မူတည်ပြီးပွဲတော်ကျင်းပမှာပါ။ လတ်တလောတော့ပန်းစုံတာက ဇန်နဝါရီလဆန်းဆိုတော့ အဲ့ဒီအချိန် ပဲလုပ်မယ်လျာထားပါတယ်' ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှတာဝန်ရှိသူတစ်ဦး ကပြောသည်။

 

အဆိုပါဒေသတွင် ချယ်ရီပန်းပွင့်သည့်ကာလများ၌ ပန်းများနှင့်အတူဓာတ်ပုံလာရောက်ရိုက်ခြင်းများရှိသည့် အပြင် အချို့သူများမှာမူ ပန်းခိုင်များအားခူးယူ ခြင်းများရှိခဲ့သည့်အတွက် အသိပညာပေးခြင်းများပြုလုပ်ရန်ရည်ရွယ်၍ပန်းပွဲတော် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ လတ်တလောတွင် ချယ်ရီပင်များကိုပြုပြင် ထိန်းသိမ်းစိုက်ပျိုးခြင်းများကို ဆောင်ရွက်ပေးနေကြောင်း၊ ယင်းပွဲတော်တွင် ရှမ်း၊ အခါ၊ လားဟူ၊ အပါအဝင် အခြားသော တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကများကိုပါ တင်ဆက်ဖျော်ဖြေသွားမည့်အပြင် အမှတ်တရရိုးရာ ပစ္စည်းအရောင်းဆိုင်များ၊ ဒေသထွက်ဝိုင်များ၊ အစားအစာများ ရောင်းချခြင်း၊ ဒေသထွက်ကုန်ပစ္စည်းများကိုပါ ရောင်းချသည့်ဆိုင်ခန်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #လွိုင်မွေဒေသ #ချယ်ရီပန်းပွဲတော်ကျင်းပ #YMG/ NN #Yangon_Times