Published 1 December 2023

ပြည်ပနိုင်ငံများသို့ မြန်မာအလုပ်သမားများအား တရားမဝင်စေလွှတ်မှုကြောင့် ပြည်ပအလုပ်အကိုင် ဆိုင်ရာ ဉပဒေဖြင့် တရားစွဲဆိုထားသည့်အမှု ၃၃၇မှု အတွက် လူပုဂ္ဂိုလ် (၅၇၅) ဉီးရှိ‌ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

အဆိုပါအမှုများမှာ ၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၃၀ရက်အထိ ဖြစ်ပြီး ထိုင်းနိုင်ငံသို့ ဗီဇာအတုပြုလုပ်၍ စေလွှတ်ခဲ့ခြင်းကြောင့် တရားစွဲဆို ထားသူဉီးရေ (၈) ဉီး၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်မရှိဘဲ တရားမဝင်စေလွှတ်ခဲ့ခြင်းကြောင့် တရားစွဲဆိုထားသူ (၃၈၄) ဉီး စုစုပေါင်း (၃၉၂) ဉီးနှင့် အမှုပေါင်း (၂၂၈) မှုဖြစ်ကြောင်းသိရသည်။

ထို့ပြင် အခြားနိုင်ငံများသို့ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်မရှိဘဲ တရားမဝင်စေလွှတ်ခဲ့ခြင်းကြောင့် တရားစွဲဆိုထားသူ (၁၈၃) ဉီးနှင့် အမှုပေါင်း (၁၀၉) မှုရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှသိရသည်။

အလုပ်သမားဝန်ကြီးဌာနသို့ တိုင်ကြားလာသည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်မရှိဘဲ လုပ်သားစုဆောင်းခြင်း ၊ စေလွှတ်ခြင်း ၊ ဝန်ဆောင်ခံများကောက်ခံခြင်းစသည့် အလုပ်သမားရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ လက်ခံရရှိသော တိုင်ကြားစာအမျိုးအစားအလိုက် စုံစမ်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းကာ စိစစ်ဆောင်ရွက်ပြီး တရားစွဲဆိုရန် အကျုံးဝင်ပါက သက်ဆိုင်ရာနယ်မြေရဲစခန်းများတွင် ပြည်ပအလုပ်အကိုင်ဆိုင်ရာဉပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိကာ သက်ဆိုင်ရာတရားရုံးများက စီရင်ချက်ချမှတ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှသိရသည်။

မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ လုပ်သားများ လိမ်လည်လှည့်ဖျားခြင်းခံရမှုမရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published 01 December 2023
#Yangon_Times #YMG_News #Yangon_Media_Group